ချယ်လ်ဆီးအသင်းရဲ့ နည်းပြ ဂရေဟမ်ပေါ်တာက အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းဖို့အတွက် ဂျုဗင်တပ်စ်အသင်းက ပြင်သစ်ကွင်းလယ်လူ အက်ဒရီယန်ရာဘီယော့ကို ခေါ်ယူသွားချင်နေတာကြောင့် အသင်းရဲ့ မော်ရိုကို တောင်ပံကစားသမား ဟာကင်ဇီယက်ရှ်ကို အသုံးချပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်ဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။
Photo Credit : The Sun
အသက်(၂၇)နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူ ရာဘီယော့ဟာ ဒီနှစ်နွေရာသီက ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် လုပ်ဆောင်ခဲ့ရာ အသင်းနှစ်သင်းရဲ့ကြား ကစားသမားရဲ့ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း ရာဘီယူရဲ့ လုပ်ခလစာ အလွန်မြင့်မားလွန်းတာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပါတယ်။ ဒီလို ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ ပျက်ခဲ့ရတဲ့ ရာဘီယော့ကို ချယ်လ်ဆီးနည်းပြ ပေါ်တာက အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေပြီး လာမယ့် ဆောင်းဈေးကွက်ထဲမှာပဲ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိနေတယ်လို့ အီတလီ အခြေစိုက် Calciomercato သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။
Photo Credit : The Sun
Calciomercato ရဲ့ သတင်းဖော်ပြချက်အရ ချယ်လ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့ဟာ ပီအက်စ်ဂျီ ကွင်းလယ်လူဟောင်း ရာဘီယော့ကို အပြိုင် စိတ်ဝင်စားနေကြပြီး ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကတော့ ရာဘီယော့ကို ခေါ်ယူရာမှာ အသင်းရဲ့ တောင်ပံကစားသမား ဇီယက်ရှ်ကိုပါ အသုံးချသွားဖို့ စီစဉ်နေပါတယ်။ ဂျုဗင်တပ်စ်အသင်းကတော့ ဒဏ်ရာပြသာနာကြောင့် ကာလအတန်ကြာ အနားယူရတော့မယ့် တောင်ပံကစားသမားကြီး ဒီမာရီယာနေရာမှာ ဇီယက်ရှ်နဲ့ အစားထိုးနိုင်မယ့် အခြေအနေကို သဘောကျမိပေမယ့် ရာဘီယော့က ဒီရာသီ အသင်းမှာ ခြေစွမ်းပြနေသလို အမ်ပိုလီကို (၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာပါ တစ်ပွဲတည်း သွင်းဂိုး(၂)ဂိုးထိ သွင်းယူထားနိုင်တာကြောင့် သူ့ကို အသင်းဘက်က စာချုပ်သက်တမ်း တိုးမြှင့်ဖို့အထိ စဉ်းစားနေတာ ဖြစ်ပါတယ်။ ရာဘီယော့ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်သလို လာမယ့်နွေမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တော့မှာဖြစ်လို့ ဇန်နဝါရီလထဲမှာပဲ စီးရီးအေပြင်က ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေ လွတ်လပ်စွာ ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။