ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဘာစီလိုနာ ဝါရင့် တိုက်စစ်မှူး အူဘာမီယန်းအား ခေါ်ယူရန် ကြိုးပမ်းနေမှုများကို ပြောင်းရွှေ့ကြေး မြင့်မားမှုကြောင့် ရပ်တန့်ရန် စဉ်းစားနေကြောင်း နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ လူကာကူနဲ့ တီမိုဗာနာတို့ နှစ်ဦးစလုံးကို အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့တာကြောင့် သူတို့နှစ်ဦးရဲ့ နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူး တဦးအား ခေါ်ယူရန် လိုအပ်နေပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် သူ့ရဲ့ တပည့်ဟောင်း အူဘာမီယန်းကို ခေါ်ယူချင်နေပြီး အူဘာမီယန်းကလည်း ဆရာဟောင်း တူဟယ်လ်နဲ့ ပြန်လည် ပေါင်းစည်းဖို့ စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့် ဘာစီလိုနာကတော့ သူတို့အသင်းနဲ့ ကာလရှည် စာချုပ်တရပ် ရှိနေတဲ့ အူဘာမီယန်းကို အလွယ်တကူ လက်လွှတ်ဖို့ စိတ်ကူးမရှိပဲ အူဘာမီယန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် အထိ တောင်းဆိုနေတာကြောင့် ချယ်လ်ဆီးအနေနဲ့ အူဘာမီယန်းကို ခေါ်ယူဖို့ အခက်တွေ့နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက အူဘာမီယန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အသက် ၃၃နှစ် အရွယ် ကစားသမား တဦးကို မြင့်မားတဲ့ လုပ်ခလစာ ၊ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးချေကာ မခေါ်ယူချင်တာကြောင့် အူဘာမီယန်းအပေါ် စိတ်ဝင်စားမှု လျော့နည်းလာပြီး ချယ်လ်ဆီးဟာ အူဘာမီယန်းရဲ့ အပြောင်းအရွှေ့ အတွက် ကစားသမားနဲ့ရော ဘာစီလိုနာနဲ့ပါ သဘောတူညီမှု မရရှိသေးကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးက အူဘာမီယန်းအပြင် ခရစ္စတယ် ပဲလေ့စ်ရဲ့ ကြယ်ပွင့် ကစားသမား ဇာဟာကိုပါ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး ချယ်လ်ဆီးဟာ အူဘာမီယန်းကို မခေါ်နိုင်ခဲ့ရင် ဇာဟာကို ပြောင်းလဲ ခေါ်ယူဖွယ် ရှိနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းထောက် တချို့က ပြောကြားထားကြပါတယ်။