ဘရာဇီးလ်ကလပ်အသင်း အသက်လက်တီကိုမင်နဲရိုးအတွက် နှစ်ပေါင်းများစွာ အလှမ်းဝေးနေတဲ့ ဆုဖလား အောင်မြင်မှုတွေကို အရယူဆောင်ပေးနိုင်ခဲ့တဲ့ စပိန်ဝါရင့် တိုက်စစ်မှူးကြီး ဒီယေဂိုကော်စတာကို သူယခင် ကျင်လည်ခဲ့ဖူးတဲ့ စပိန်လာလီဂါပြိုင်ပွဲက ကလပ်အသင်းများစွာကနေ စပိန်မြေဆီ ပြန်လည်ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိလို့နေကြတယ်လို့ စပိန်နာမည်ကြီး သတင်းမီဒီယာ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Marca

အသက်(၃၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်း ကစားသမားကြီးဖြစ်တဲ့ ဒီယေဂိုကော်စတာဟာ ချယ်လ်ဆီး အသက်လက်တီကိုမက်ဒရစ်တို့လို ဥရောပ ထိပ်တန်းအသင်းကြီးတွေအပြင် ဆယ်လ်တာဗီဂို ဗယ်လာဒိုးလစ်နဲ့ အယ်လ်ဘာစီတီတို့လို စပိန်ကလပ်အသင်းတွေမှာပါ ကျင်လည်ခဲ့ဖူးတဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီးတစ်ဦး ဖြစ်ပါတယ်။ ကော်စတာဟာ အသက်လက်တီကိုအသင်းနဲ့ ၂၀၂ဝခုနှစ် ဒီဇင်ဘာလမှာ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အသင်းလက်မဲ့ဘဝနဲ့ (၈)လအထိ ဖြတ်သန်းခဲ့ပြီးမှ ဘရာဇီးလ်ကလပ် မင်နဲရိုးအသင်းဆီ ရောက်ရှိသွားခဲ့တာဖြစ်ပြီး ဘရာဇီးလ် တိုက်စစ်မှူးဟောင်း ဟော့ခ်နဲ့ တွဲဖက်ကာ မင်နဲရိုးအတွက် ဆုဖလား အောင်ြ်မင်မှုတွေကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Sun

အခုလို ဘရာဇီးလ်မြေမှာ တောက်ပလို့နေခဲ့တဲ့ ဒီယေဂိုကော်စတာကို စပိန်လာလီဂါ ကလပ်အသင်းတွေဖြစ်တဲ့ ကာဒစ်ဇ်နဲ့ အယ်လ်ချီအသင်းတွေကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ Mundo Deportivo သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ စပိန်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမားကြီး ကော်စတာဟာ အသက်လက်တီကိုအသင်းမှာ (၂)ကြိမ်တိုင်တိုင် ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး အသင်းနဲ့ပါ လာလီဂါဖလားနဲ့ ကိုပါဒယ်ရေးဖလားတို့လို စပိန်ပြည်တွင်း ဆုဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ဖူးသလို စပိန်ဘောလုံးနယ်ပယ်မှာလည်း ဆယ်စုနှစ်ကြာလောက်အထိ ကျင်လည်ခဲ့ဖူးသူ ဖြစ်ပါတယ်။ စည်းကမ်းပိုင်း အားနည်းလွန်းသူဖြစ်တဲ့ ကော်စတာကို အသက်လက်တီကိုအသင်းကနေ စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်မှာ ဥရောပက ကလပ်အသင်းတွေဖြစ်တဲ့ ဘင်ဖီကာအသင်းနဲ့ ဘက်ဆစ်တက်အသင်းတွေကနေ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ကော်စတာဘက်ကနေ ပယ်ချခဲ့ပြီး ဘရာဇီးလ်ကလပ် အသက်လက်တီကိုမင်နဲရိုးကိုသာ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။ မင်နဲရိုးအသင်းနဲ့ လပိုင်းလေးသာ ဖြတ်သန်းခဲ့ရပေမယ့်လည်း ဆုဖလားအောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ ကော်စတာကို စပိန်လာလီဂါ ကလပ်အသင်းတွေကနေ စပိန်မြေဆီ ပြန်လည်ခေါ်ယူချင်နေတာဖြစ်ပြီး ကော်စတာကိုယ်တိုင် သူရဲ့အနာဂတ်အပေါ် ဘယ်လိုဆုံးဖြတ်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။