ချယ်လ်ဆီးအသင်းမှာ ပွဲပေါင်း(၂၅၀)လောက်အထိ ပါဝင်ကစားပေးခဲ့ဖူးတဲ့ ဆာဘီးယားနောက်ခံကစားသမားကြီး အိုင်ဗန်နိုဗစ်ကတော့ ရုရှားထိပ်တန်းကလပ် ဇင်းနစ်အသင်းမှာ ပါဝင်ကစားနေတာဖြစ်ပြီး လက်ရှိမှာတော့ သူနဲ့ချယ်လ်ဆီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြကြီး ကားလို့စ်အန်စလော့တီ ကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အပြောင်းအရွှေ့ကိစ္စတွေအတွက် ဆွေးနွေးမှုတွေကို ပြုလုပ်နေတယ်လို့ အားကစားမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၆)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဝါရင့်ညာနောက်ခံကစားသမားကြီး အိုင်ဗန်နိုဗစ်ဟာ ချယ်လ်ဆီးအသင်းမှာ (၉)နှစ်တာလောက်အထိ ပါဝင်ကစားခဲ့ဖူးတဲ့ ပရိသတ်အချစ်တော် ကစားသမားကြီးဖြစ်ပြီး ၂၀၁၇ခုနှစ်ကမှ ဇင်းနစ်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ကလပ်အသင်းလက်မဲ့ဖြစ်သွားတဲ့ အိုင်ဗန်နိုဗစ်ကို သူရဲ့မွေးရပ်မြေဆာဘီးယားက နာမည်ကျော်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရက်စတားဘဲလ်ဂရိတ်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ သူရဲ့ဆရာဟောင်းဖြစ်ခဲ့ဖူးတဲ့ အန်စလော့တီကပါ အိုင်ဗန်နိုဗစ်ကို အဲဗာတန်အသင်းဆီ ခေါ်ဆောင်သွားချင်နေပါတယ်။

Photo Credit : Planet Football

ဆာဘီးယားသတင်းစာ Novosti ကနေ ဖော်ပြချက်တွေအရ အိုင်ဗန်နိုဗစ်နဲ့ အဲဗာတန်အသင်းတို့ရဲ့ အပြောင်းအရွှေ့ကိစ္စဟာ အဆုံးသတ်နိုင်တော့မယ့် အဆင့်လောက်အထိကို ရောက်ရှိနေပြီဖြစ်ပြီး ဒီကစားသမားကြီးကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြန်လည်မြင်တွေ့ရတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။ အဲဗာတန်အသင်းဟာ မိုနာကိုအသင်းကနေ အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ ညာနောက်ခံလူ ဆီဒီဘီကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိတာကြောင့် ဒီကစားသမားရဲ့နေရာအတွက် ပရီးမီးယားလိဂ်အတွေ့အကြုံရင့် ကစားသမားဖြစ်တဲ့ အိုင်ဗန်နိုဗစ်နဲ့ အစားထိုးနေချင်တာဖြစ်ပါတယ်။ အိုင်ဗန်နိုဗစ်ဟာ ဇင်းနစ်အသင်းကို ရုရှားအမှတ်ပေးချန်ပီယံဖြစ်အောင် ကူညီနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ ကစားခဲ့စဉ်တုန်းကလည်း ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ (၃)ကြိမ်အထိ ဆွတ်ခူးခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဖလားတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် အိုင်ဗန်နိုဗစ်ဟာ ချယ်လ်ဆီးမှာ အန်စလော့တီနဲ့ လက်တွဲခဲ့စဉ်တုန်းကလည်း ပရီးမီးယားလိဂ်ဖလားနဲ့ အက်အေဖလားတို့ကိုပါ ပူးတွဲရယူနိုင်ခဲ့ပါသေးတယ်။