MySport Myanmar

နောက်ခံလူ ဒီလစ်ကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးနေရာကနေ ဦးဆောင်လို့နေတဲ့ ချယ်လ်ဆီး

နွေဈေးကွက်အတွင်း အသင်းခံစစ်ပိုင်းကို ပြန်လည်အားဖြည့်သွားဖို့ စီစဉ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ကာလရှည်ပစ်မှတ် ဆီဗီလာနောက်ခံလူ ခွန်ဒေကို ခေါ်ယူဖို့က လက်ရှိမှာ ဘာစီလိုနာနဲ့ အသံတွေ ထွက်ပေါ်လာသလို ကစားသမားကိုယ်တိုင်ပါ ဇာဗီရဲ့ ဘာစီလိုနာကို ရွေးချယ်ဖွယ် ရှိနေတာကြောင့် ချယ်လ်ဆီးဘက်က ဂျုဗင်တပ်စ်နောက်ခံလူ ဒီလစ်ကို ပြောင်းလဲကမ်းလှမ်းဖွယ် ရှိနေရပါတယ်။

Photo Credit : Football Talk

အီတလီ အခြေစိုက် Corriere dello Sport သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ နယ်သာလန်လက်ရွေးစင် နောက်ခံကစားသမား ဒီလစ်ကို ခေါ်ယူသွားဖို့ အခြေအနေအကောင်းဆုံး ဖြစ်နေရတယ်လို့ သိရပါတယ်။ အသက်(၂၂)နှစ်သာ ရှိသေးတဲ့ ဒီလစ်ဟာ ၂၀၁၉ခုနှစ်ကမှ အေဂျက်စ်ကနေ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ဝါရင့်နောက်ခံလူတွေဖြစ်တဲ့ ချီလီနီ ဘနူချီတို့နဲ့အတူ ကစားခွင့်ရခဲ့သလို အခုဈေးကွက်ထဲမှာ ချီလီနီက အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်လို့ ဒီလစ်က ဂျုဗင်တပ်စ်ရဲ့ ခံစစ်ပိုင်းမှာ နေရာပိုလာရနိုင်သလို အသင်းအတွက် ပိုမိုအရေးပါတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာနိုင်ပါတယ်။

Photo Credit : The Independent

ဒီလစ်ဟာ ဂျုဗင်တပ်စ်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပေမယ့်လည်း သူရဲ့ စာချုပ်ကို ဆက်လက် သက်တမ်းတိုးမတိုးဆိုတာ မသေချာသေးကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့ပြီး သူရဲ့အနာဂတ်က အပြောင်းအလဲ ဖြစ်သွားနိုင်တယ်ဆိုတဲ့ အရိပ်အမြွက် ပြောဆိုသွားခဲ့ပါတယ်။ ဒီလို အခြေအနေမှာ ဒီလစ်ကို ကလပ်အသင်းများစွာက စိတ်ဝင်စားလာခဲ့ပြီး ဒီအသင်းတွေထဲမှာ ချယ်လ်ဆီးအသင်းလည်း ပါဝင်လာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နွေဈေးကွက်ထဲမှာ ခရစ္စတန်ဆန်နဲ့ ရူဒီဂါတို့လို ဗဟိုခံစစ်ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ လက်လွတ်ထားခဲ့ရသလို အက်ဇ်ပီလီကွယ်တာနဲ့ အလွန်ဆိုတို့ကိုလည်း ဆုံးရှုံးရနိုင်တဲ့ အခြေအနေတွေမှာ ရှိနေတာကြောင့် ခံစစ်ပိုင်းကို ပြန်လည်အားဖြည်ဖို့အတွက် ခွန်ဒေကို အဓိကပစ်မှတ်ထားခဲ့ပေမယ့် လက်ရှိအခြေအနေမှာ ခွန်ဒေက ချယ်လ်ဆီးကို ပြောင်းရွှေ့လာဖို့ထက် ဘာစီလိုနာကိုသာ ရွေးချယ်ဖွယ် ရှိနေတာကြောင့် ချယ်လ်ဆီးလည်း ဒီလစ်ကိုသာ ပြောင်းလဲပစ်မှတ်ထားလာခဲ့ရတာဖြစ်ပြီး ဒီလစ်ကိုလည်း မန်ယူအသင်းကပါ စိတ်ဝင်စားနေတယ် ဆိုပေမယ့် လက်ရှိမှာတော့ ချယ်လ်ဆီးကသာ ဒီလစ်ကို ရရှိဖို့ အခြေအနေ အကောင်းဆုံးပဲလို့ သိရှိရပါတယ်။

Exit mobile version