ချယ်လ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ခံစစ်ပိုင်းကို ကျစ်လစ်တောင့်တင်းနေစေဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီနောက်ခံကစားသမား ဇူလာကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့်လည်း ဘိုင်ယန်ဘက်ကနေ သူတို့ကစားသမားကို စာချုပ်သက်တမ်းတိုးဖွယ် ရှိနေတဲ့အတွက် ချယ်လ်ဆီးအနေနဲ့ ဆီဗီလာအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ဂျူးစ်ခွန်ဒယ်ကိုပဲ ပြောင်းလဲစိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ခွန်ဒယ်ဟာ ဆီဗီလာအသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်ပြီး သူရဲ့အကောင်းဆုံး ခံစစ်စွမ်းဆောင်ရည်တွေကြောင့် ရီးယဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက် ဂျုဗင်တပ်စ်တို့လို ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလို့ထားတဲ့အပြင် ခံစစ်ပိုင်းကို အင်အားမြင့်တင်ချင်နေတဲ့ ချယ်လ်ဆီးအသင်းကလည်း ခွန်ဒယ်ကို အလိုရှိနေပါတယ်။ ချယ်လ်ဆီးဟာ ပထမက ဘိုင်ယန်နောက်ခံလူ ဇူလာကို အလိုရှိခဲ့ပေမယ့် ခေါ်ယူဖို့ မလွယ်ကူနိုင်တော့တဲ့အတွက် အခုလို ခွန်ဒယ်ကို ပြောင်းလဲပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Man Utd Core

ဥရောပချန်ပီလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံအသင်း ချယ်လ်ဆီးဟာ လာမယ့်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပါ အရယူသွားဖို့အတွက် အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က အသင်းရဲ့နေရာစုံမှာ အင်အားတောင့်တင်းနေဖို့ ပြင်ဆင်လျက်ရှိနေပြီး ခံစစ်ပိုင်းအတွက်ကိုလည်း ဗဟိုခံစစ်မှူးတစ်ယောက်နဲ့ ညာနောက်ခံကစားသမားတစ်ယောက်စီ အလိုရှိနေပါတယ်။ ဒါကြောင့် ဆီဗီလာနာက်ခံကစားသမား ခွန်ဒယ်ကို ပစ်မှတ်ထားနေရတာဖြစ်သလို ရီးယဲလ်မက်ဒရစ်ကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ပြင်သစ်နောက်ခံလူ ရာဖယ်ဗာရန်းကိုပါ ယူနိုက်တက်အသင်းနဲ့အပြိုင် စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဆီဗီလာအသင်းကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမား ခွန်ဒယ်ကို အသင်းကနေ အလွယ်တကူ မထွက်ခွာသွားစေချင်ပဲ သူရဲ့လက်ရှိတန်ကြေး ယူရိုသန်း(၆၀)ထက် ပိုမိုမြင့်မားတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းလာမှသာ လက်ခံဖွယ် ရှိနေပါတယ်။ ခွန်ဒယ်ဟာ လက်ရှိမှာတော့ သူရဲ့ပြင်သစ်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲလျက်ရှိနေပြီး ပေါ်တူဂီအသင်းနဲ့ တစ်ဖက်ကို (၂)ဂိုးစီ သရေခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ အသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။