ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ နွေရာသီ နံပါတ်တစ် ပစ်မှတ် ခံစစ်မှူး ခွန်ဒေကို ခေါ်ယူဖို့ အတွက် ဆီဗီးလားနဲ့ ပဏာမ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဗဟိုခံစစ်မှူး ခွန်ဒေက ဘော်ဒိုးကနေ ဆီဗီးလားထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး ချယ်လ်ဆီးဟာ သူ့ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ထဲက ကြိုးပမ်းခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အထူးသဖြင့် ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ်က ခွန်ဒေရဲ့ ခြေစွမ်းနဲ့ ကစားပုံကို အတော်လေး နှစ်သက်သူ ဖြစ်ပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေကလည်း တူဟယ်လ်ရဲ့ တောင်းဆိုမှုအရ ခွန်ဒေကို ယခု နွေဈေးကွက် အတွင်းမှာ ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ယမန်နေ့ ညဉ့်နက်ပိုင်းမှာပဲ ခွန်ဒေအတွက် ဆီဗီးလားထံ စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၅၅သန်း တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှု တရပ် ပေးပို့ခဲ့ပြီး ဆီဗီးလားက ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

Photo Credit: Goal

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျာကော့ဘ်ကလည်း ချယ်လ်ဆီးဟာ ခွန်ဒေအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၅သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ဆီဗီးလားက ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံကြောင်း နှုတ်အားဖြင့် အကြောင်းပြန်ထားကြောင်း ဆိုပါတယ်။

အီတလီ နာမည်ကြီး သတင်းထောက် ဒီမာဇီယိုက ဆီဗီးလားဟာ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံ ဆွေးနွေးနေပေမယ့် တဖက်မှာလည်း ဘာစီလိုနာဆီ ကနေ ခွန်ဒေအတွက် ကမ်းလှမ်းမှု ရောက်လာမှာကို မျှော်လင့် စောင့်ဆိုင်းနေပြီး ခွန်ဒေကတော့ ချယ်လ်ဆီးနဲ့ ဘာစီလိုနာ နှစ်သင်းစလုံးထဲက တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကာ ဘာစီလိုနာကသာ သူ့အတွက် ကမ်းလှမ်းမှု မလုပ်လာရင် ယခု သီတင်းပတ် အကုန်မှာပဲ ချယ်လ်ဆီးဆီ ပြောင်းရွှေ့နိုင်ကြောင်း ဖော်ပြထားပါတယ်။