ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာတော့ အသင်းရဲ့ ဂိုးပေါက်ကို ကာကွယ်မှုပေးနိုင်မယ့် ထိပ်တန်း ဂိုးသမားတစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေတာကို ပရိသတ်ကြီးလည်း သိရှိကြမှာပါ။ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ အသင်းရဲ့ အဓိက ဂိုးသမားအဖြစ် သတ်မှတ် ခံထားရတဲ့ ကီပါကို ဂိုးသမးတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမယ့် ကီပါဟာ ထင်မှတ်ထားသလို လက်စွမ်းကောင်းတွေ ပြသ နိုင်ခဲ့ခြင်း မရှိသလို လက်ရှိ ဘောလုံးရာသီမှာ လည်း လက်စွမ်းတွေ ဆိုးရွားနေပါတယ်။ ဒါ့ကြောင့်လည်း ဘောလုံးကျွမ်းကျင်သူတွေက ချယ်လ်ဆီးအသင်းအနေနဲ့ အောင်မြင်မှုတွေ ရရှိလိုပါက ကီပါရဲ့ နေရာမှာ ထိပ်တန်း ဂိုးသမား တစ်ဦးကို အစားထိုးသင့်ပြီလို့ အကြံပေးထားကြပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်က ချယ်လ်ဆီးအသင်း ခေါ်ယူဖို့ မျက်စိကျနေတဲ့ ဂိုးသမားတွေ အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: Irish Sun

 

၃။ ဒွန်နာရမ်မာ (အေစီမီလန်)
အသက်၂၁နှစ်အရွယ် အီတလီ ဂိုးသမား ဒွန်နာရမ်မာဟာ လာမယ့် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အေစီမီလန်အသင်းနဲ့ ချုပ်ဆို ထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်သူ ဖြစ်သလို အေစီမီလန်အသင်းက ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို ငြင်းဆန်ခဲ့သူ ဖြစ်တာကြောင့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ တာစူနေသူပါ။ အီတလီ လက်ရွေးစင် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ရထားတာကြောင့် သူ့ရဲ့ လက်စွမ်းဟာ သံသယ ဝင်စရာ မလိုပဲ ချယ်လ်ဆီးအသင်းမှာ ကီပါရဲ့ နေရာကို အစားထိုး ဝင်ရောက်နိုင်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ ကာလ တန်ကြေးဟာ ယူရို ၅၀သန်းပဲ ဖြစ်ပါတယ်။

Photo Credit: Irish Sun

၂။ ဟန်ဒါဆန် ( ရှက်ဖီးလ် / မန်ယူ )
လက်ရှိ ဘောလုံးရာသီမှာ ရှက်ဖီးလ်အသင်းထံ အငှားနဲ့ လာရောက် ကစားနေတဲ့ မန်ယူအသင်းရဲ့ လူငယ် ဂိုးသမားလေး ဟန်ဒါဆန်ဟာ ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ်တစ်ဦးလည်း ဖြစ်ပါတယ်။ အသက်၂၃နှစ်အရွယ် ဟန်ဒါဆန် ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ဂိုးသမား တစ်ဦး ဖြစ်သလို အင်္ဂလန်သား တစ်ဦးလည်း ဖြစ်တာကြောင့် မန်ယူအသင်းကနေ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့လာပါ့မလား ဆိုတာဟာ သံသယ ဝင်စရာ ကောင်းပေမယ့် ဒီရာသီမှာ ပြသထားတဲ့ သူ့ရဲ့ လက်စွမ်းတွေကြောင့် ထိပ်သီးအသင်း တစ်သင်းမှာ နေရာရသင့်တဲ့ ဂိုးသမားတစ်ဦးပါ။ သူ့ရဲ့ ကာလတန်ကြေးကတော့ ယူရို ၃၀ သန်း ဝန်းကျင် ရှိနိုင်ပါတယ်။

Photo Credit: Irish Sun

၁။ အော့ဘလက် ( အက်သလက်တီကို )
စပိန်အင်အားကြီးအသင်း အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အော့ဘလက်ဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တစ်ဦးအဖြစ် ရှုမြင်ခံထားရသူ ဖြစ်သလို ချယ်လ်ဆီးအသင်းရဲ့ အဓိက ပစ်မှတ်လည်း ဖြစ်ပါတယ်။ အော့ဘလက်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့အတူ အတွေ့အကြုံများစွာ ရရှိထားသလို ကမ္ဘာ့အဆင့် လက်စွမ်းကို ပြသထားနိုင်သူ ဖြစ်တာကြောင့် သူ့ကို ခေါ်ယူ လိုက်ပါက ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။ ဒါပေမယ့် အော့ဘလက်ရဲ့ တန်ကြေးဟာ ယူရို ၁၀၀သန်း ဝန်းကျင် ရှိနိုင်တာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ ဂိုးသမား တစ်ဦး အတွက် များပြားလှတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေပါ့မလား ဆိုတာဟာ သံသယ ဝင်စရာပါပဲ​။