လာမယ့်နွေရာသီမှာ အသင်းရဲ့ အဓိက နောက်ခံကစားသမားတွေဖြစ်တဲ့ အန်တိုနီယိုရူဒီဂါ သီယာဂိုဆေးလ်ဗား အန်ဒရီယက်စ်ခရစ္စတန်ဆန်နဲ့ ဆီဇာအက်စပလီကွယ်တာတို့နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးလို့ အသင်းကနေ လက်လွတ်သွားရဖွယ် ရှိနေတာကြောင့် ဒီလို ကစားသမားတွေကို ဆုံးရှုံးရနိုင်တဲ့ ချယ်လ်ဆီးအသင်းဟာ ခံစစ်ပိုင်းကို ပြန်လည်အင်အား ဖြည့်တင်းဖို့အတွက် တိုရီနို နောက်ခံကစားသမား ဂလေဆွန်ဘရီမာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ ရူဒီဂါ ဆေးလ်ဗားနဲ့ ခရစ္စတန်ဆန််တို့အပြင် အသင်းခေါင်းဆောင် အက်စပီလီကွယ်တာနဲ့ပါ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးစပ်နေတာဖြစ်လို့ အသင်းဘက်က ဒီကစားသမားတွေနဲ့ သက်တမ်းထပ်တိုးဖို့ စီစဉ်နေပေမယ့်လည်း အဆင်မပြေခဲ့ဘူးဆိုရင် ပြန်လည်အစားထိုးသွားဖို့အတွက် စီးရီးအေကလပ် တိုရီနိုအသင်းရဲ့ ဘရာဇီးနောက်ခံလူ ဘရီမာကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၄)နှစ်အရွှယ်ရှိ ဗဟိုနောက်ခံကစားသမား ဘရီမာဟာ ဒီရာသီ စီးရီးအေမှာ ခြေစွမ်းပြနေတဲ့ နောက်ခံလူတစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း ဒီကစားသမားကို လီဗာပူးလ် စပါး ဝက်စ်ဟမ်းတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကနေ စိတ်ဝင်စားနေကြတာဖြစ်သလို ချယ်လ်ဆီးအသင်းကပါ ဘရီမာကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Daily Mail

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ ဘရာဇီးလ်ကလပ် အသက်လက်တီကိုမင်နဲရိုးကနေ တိုရီနိုအသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ဘရီမာဟာ လက်ရှိမှာ တိုရီနိုအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လို့နေပြီး တိုရီနိုနဲ့ အမ်ပိုလီအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ စီးရီးအေပွဲစဉ်မှာလည်း ဘရီမာကို စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းများစွာရဲ့ ကင်းထောက်တွေကနေ ဘရီမာရဲ့ ခြေစွမ်းပိုင်းတွေကို လာရောက်လေ့လာ အကဲခတ်ခဲ့တယ်လို့ပါ သိရှိရပါတယ်။ တိုရီနိုအသင်းအနေနဲ့ ဘရီမာကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်ပေမယ့်လည်း ဘရီမာရဲ့ စာချုပ်သက်တမ်းက လာမယ့် ၂၀၂၃ခုနှစ်မှာပဲ ကုန်ဆုံးတော့မှာဖြစ်လို့ သက်တမ်းတိုးဖို့ မလွယ်ကူနိုင်ရင် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ခန့် ကျန်ရှိနေတဲ့ အချိန်မှာပဲ ရောင်းချလိုက်သင့်တာကြောင့် ဒီနွေမှာသာ ဘရီမာကို ရောင်းချရနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ကို နှစ်ဦးလုံး စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေနိုင်သေးတဲ့အတွက် တိုရီနို နောက်ခံလူ ဘရီမာအပြင် လက်စတာအသင်းရဲ့ နောက်ခံကစားသမားဖြစ်သူ ဝက်စလေဖိုဖာနာကိုပါ အလိုရှိနေပြီး ခံစစ်ပိုင်းကို အထူးအားဖြည့်ဖွယ် ရှိနေပါတယ်။