လူငယ်ကွင်းလယ်ကစားသမားလေး ဒစ်ကလန်ရိုက်စ်ဟာ လက်ရှိကလပ် ဝက်စ်ဟမ်းအသင်းသားမဖြစ်ခင် လန်ဒန်အခြေစိုက်အသင်းကြီးဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး ဆယ်ကျော်သက်အရွှယ်လောက်မှာ ချယ်လ်ဆီးလူငယ်အသင်းကနေ ထွက်ခွာခဲ့ကာ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ အခုတော့ သူရဲ့ခြေစွမ်းကောင်းတွေကြောင့် ချယ်လ်ဆီးအသင်းဆီကနေ ပြန်လည်ခေါ်ယူဖွယ်ရှိနေကာ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ မေဆန်မောင့်နဲ့ တွဲဖက်ကစားဖို့ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်ဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

အသက်(၂၁)နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒစ်ကလန်ရိုက်စ်ကို ပရီးမီးယားလိဂ်အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ အတော်လေးကို စိတ်ဝင်စားနေကြတာဖြစ်ပြီး ဒီအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက ထိပ်ဆုံးက ပါဝင်နေပေမယ့်လည်း လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းကပါ သူတို့ရဲ့လူငယ်ကစားသမားဟောင်း ရိုက်စ်ကို အသင်းဆီ ပြန်လည်ခေါ်ဆောင်သွားချင်နေတာကြောင့် အပြိုင်အဆိုင် ကမ်းလှမ်းရနိုင်ပါတယ်။ ရိုက်စ်ကို ခေါ်ယူနိုင်မယ်ဆိုရင်တော့ ချယ်လ်ဆီးဟာ သူတို့ရဲ့ကွင်းလယ်မှာ ရိုက်စ်နဲ့မေဆန်မောင့်တို့ သူငယ်ချင်းအတွဲအဖက်ကို တွဲဖက်အသုံးပြုလာနိုင်ပါတယ်။

Photo Credit : Getty Image

ချယ်လ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီအတွက် ကစားသမားသစ်ခေါ်ယူမှုတွေကို ဒီနှစ်ရာသီမကုန်ခင်မှာပဲ စတင်ပြုလုပ်ထားခဲ့ပြီးတော့ အေဂျက်စ်အသင်း မော်ရိုကိုလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဟာကင်ဇီးယက်ရှ်ကို ပေါင်(၃၇)သန်းနဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးဟာ ဒီနှစ်တစ်ရာသီလုံးမှာ ကစားသမားသစ်တွေ လုံးဝခေါ်ယူထားခြင်းမရှိပဲ ရှိတဲ့လူအင်အားလေးနဲ့ပဲ တိုက်ပွဲဝင်နေခဲ့ရတာဖြစ်ကာ လာမယ့်ရာသီမှာတော့ ကစားသမားသစ်ပေါင်းများစွာကို ခေါ်ယူဖွယ်ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဂိုးသမားပိုင်းကနေစတင်ပြီး တိုက်စစ်နေရာအထိကို တောက်လျှောက်ပြင်ဆင်မှုတွေများစွာ လုပ်ဆောင်သွားဖွယ်ရှိနေကာ ဘန်လေဂိုးသမားနစ်ပုဒ် လက်စတာနောက်ခံလူဘန်ချီဝဲလ် အင်တာတိုက်စစ်မှူးမာတီနက်ဇ်တို့ကို ပစ်မှတ်ထားလို့နေပါတယ်။