MySport Myanmar

ဗလာဟိုဗစ် နဲ့ လူကာကူကို အလဲအထပ် လုပ်သွားဖို့ ချယ်လ်ဆီး စီစဉ်နေ

ချယ်လ်ဆီးအသင်းက ဂျုဗင်တပ်စ်အသင်းရဲ့ ဆာဘီးယား တိုက်စစ် ကစားသမား ဒူဆန် ဗလာဟိုဗစ် နဲ့ အသင်းက ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူတို့ကို အလဲအထပ် လုပ်ဆောင်သွားဖို့အတွက် ဂျုဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးလျက် ရှိနေတတယ်လို့ သိရှိရပါတယ်။

လက်ရှိ အနေအထားအရ ဗလာဟိုဗစ်ရဲ့ တန်ကြေးက လူကာကူရဲ့တန်ကြေးထက် အနည်းငယ် ပိုများနေတဲ့အတွက် ချယ်လ်ဆီးဘက်က ပြောင်းရွှေ့ကြေး အနည်းငယ်လောက် ထပ်မံ ပေးချေသွားရဖို့လည်း ရှိနေပါတယ်။

Photo Credit : Corriere

ချယ်လ်ဆီးအသင်းဟာ လူကာကူကို အင်တာမီလန်ကနေ ပေါင် သန်း(၁၀၀)နီးပါးလောက် သုံးစွဲပြီး အသင်းဆီ ခေါ်ယူခဲ့ပေမယ့် အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို အင်တာဗျူး အစီအစဉ်တစ်ခုမှာလည်း အသင်းနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ ရှိခဲ့တာကြောင့် နောက်တစ်ရာသီမှာပဲ အင်တာဆီ အငှားနဲ့ ပြန်ပို့ဆောင်ခဲ့ပါတယ်။

အခုတော့ အငှားသက်တမ်း ပြည့်လို့ ချယ်လ်ဆီးကို လူကာကူ ပြန်ရောက်လာချိန် လူကာကူကိုယ်တိုင် ချယ်လ်ဆီးနဲ့ ဆက်လက် မပူးပေါင်းချင်တော့သလို ချယ်လ်ဆီးဘက်ကလည်း လူကာကူကို အပြီးသတ် ရောင်းထုတ်သွားချင်နေပါတယ်။ အင်တာကတော့ လူကာကူရဲ့ အသင်းအပေါ် ပြုမှု ဆက်ဆံပုံကို သဘောမကျလို့ အပြီးသတ် ခေါ်ယူဖို့ ရပ်ဆိုင်းလိုက်ပြီး ဂျုဗင် တစ်သင်းတည်းသာ လူကာကူကို စိတ်ဝင်စားနေပါတယ်။

Photo Credit : Goal

ဒီအချိန်မှာ ချယ်လ်ဆီးဘက်က သူတို့ ကစားသမား လူကာကူ နဲ့ ဂျုဗင် တိုက်စစ်မှူး ဗလာဟိုဗစ်ကို အလဲအထပ် လုပ်ဆောင်သွားဖို့အတွက် ဂျုဗင်တပ်စ်နဲ့ ဆွေးနွေးလာခဲ့ပြီး လက်ရှိမှာတော့ ဒီအပြောင်းအရွှေ့မှာ ချယ်လ်ဆီး ထပ်မံ သုံးစွဲရမယ့် ငွေကြေးပမာဏနဲ့ ပတ်သက်ပြီးသာ ဆက်လက် ညှိနှိုင်းနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းက အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ PL Summer Series ဖိတ်ခေါ်ဖလား ပြိုင်ပွဲအတွင်း ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့ပေမယ့် အသင်းနည်းပြ ပိုချက်တီနိုကတော့ အသင်းအတွက် ကစားသမား ဖြည့်တင်းမှုတွေ ထပ်မံ လုပ်ဆောင်သွားဖို့ လိုအပ်နေသေးတယ်လို့ အသိပေး ပြောကြားသွားခဲ့ပါတယ်။

Exit mobile version