ချယ်လ်ဆီးအသင်းဟာ ဒီရက်ပိုင်းအတွင်းမှာပဲ လက်စတာစီးတီးအသင်းရဲ့ နောက်ခံကစားသမား ဝက်စလေဖိုဖာနာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား ပီယာအန်းမရစ်ခ်အူဘာမီယန်းနဲ့ အင်တာမီလန်အသင်းရဲ့ လူငယ် ကွင်းလယ်ကစားသမားလေး ချီဇာယီကာဆက်ဒီတို့ကို ခေါ်ယူသွားဖို့အတွက် အသေအချာ စီစဉ်လျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Barca Blagranes

အခုနှစ်ရဲ့ နွေဈေးကွက်အတွင်း ရာဟင်စတာလင် ကာလီဒိုကူလီဘလီ ကာနေးချူကွယ်မယ်ကာ မတ်ကူကူရယ်လာတို့ကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်ထိ ကစားသမားသစ် ထပ်မံ ဖြည့်တင်းဖို့ လိုအပ်နေပြီး အဲ့ဒီအတွက်လည်း ကစားသမား (၃)ဦးကို ပစ်မှတထားလျက် ရှိနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ တီမိုဗာနာတို့ကို သူတိုရဲ့ အသင်းဟောင်းတွေဖြစ်တဲ့ အင်တာမီလန်နဲ့ လိုက်ပ်ဇစ်အသင်းတွေဆီ ပြန်လည် ပို့ဆောင်ထားခဲ့ပြီး တောင်ပံကစားသမားတွေဖြစ်တဲ့ ဇီယက်ရှ်နဲ့ ပူလီဆစ်တို့ကလည်း အနာဂတ် မရေမရာ ဖြစ်နေတာကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ရှိနေတဲ့ အူဘာမီယန်းကို အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Getty Image

လက်ရှိမှာ အူဘာက ဘာစီလိုနာအသင်းမှာ ပျော်ရွှင်နေတာ ဖြစ်ပေမယ့်လည်း ချယ်လ်ဆီးနည်းပြနဲ့ ပိုင်ရှင်တို့ကတော့ ဂါဘွန်တိုက်စစ်မှူးကြီးကို အသင်းဆီ ခေါ်ဆောင်ချင်နေတာဖြစ်လို့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် အသင်းရဲ့ ခံစစ်ပိုင်းအတွက်ကိုလည်း လက်စတာရဲ့ talent ခံစစ်မှူး ဖိုဖာနာကို အရ ခေါ်ယူချင်နေတာကြောင့် ကမ်းလှမ်းမှု နှစ်ကြိမ်တိုင်တိုင် ပယ်ချထားခံခဲ့ရပေမယ့် ကမ်းလှမ်းမှုတွေကို ထပ်မံ လုပ်ဆောင်ဦးမှာ ဖြစ်သလို ဖိုဖာနာကိုယ်တိုင်ကလည်း ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ အပြောင်းအရွှေ့က ဖြစ်ပေါ်သွားနိုင်ဖွယ် ရှိနေပါတယ်။ ဖိုဖာနာနဲ့ အူဘာတို့အပြင် အနာဂတ်မှာ အသင်းအတွက် ရေရှည်မှာ ပိုမို အကျိုးပြုစေနိုင်မယ့် လူငယ် ကစားသမား ခေါ်ယူမှုအဖြစ် အီတလီ ဆယ်ကျော်သက် ကစားသမားလေး ကာဆက်ဒီကိုပါ အင်တာကနေ ခေါ်ယူသွားချင်နေပါတယ်။ ကာဆက်ဒီအတွက် နောက်ထပ် ကမ်းလှမ်းမှုတွေ ထပ်မံ လုပ်ဆောင်သွားဖို့ ရှိနေပေမယ့် အသင်းရဲ့ နောက်ထပ် ပစ်မှတ်ဖြစ်သူ ဒီယောင်းကတော့ လက်ရှိမှာ ဘာစီလိုနာနဲ့ ရှုပ်ထွေးတဲ့ အခြေအနေမျိုးတွေ ရှိနေရသလို ဒီယောင်းကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ ဆန္ဒမရှိတာကြောင့် ချယ်လ်ဆီးဘက်က ရှေ့တိုးနိုင်ပါ့မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။