ချယ်လ်ဆီးအသင်းဟာ ဒဏ်ရာပြသာနာကြောင့် ကာလရှည်ကြာ အနားယူသွားရတော့မယ့် အသင်းရဲ့ ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ်ရဲ့ နေရာမှာ အစားထိုးသွားဖို့အတွက် ကစားသမားသစ်တစ်ဦးကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ ဦးစားပေး ခေါ်ယူသွားဖွယ် ရှိလို့နေပြီး လတ်တလောမှာတော့ အေစီမီလန်အသင်းရဲ့ နောက်ခံအစွန်လူ သီယိုဟာနန်ဒက်ဇ်ကို စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၄)နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင် ဘယ်နောက်ခံကစားသမား ချီဝဲလ်ဟာ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ဒီရာသီအတွင်းမှာ အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၃)ဂိုးအထိတောင် သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။ ခံစစ်ရော တိုက်စစ်ပိုင်းမှာပါ ကျွမ်းကျင်သူဖြစ်တဲ့ ချီဝဲလ်ဟာ လက်ရှိမှာ ဒူးဒဏ်ရာ ရရှိထားတာကြောင့် ကာလရှည်ကြာ အနားယူရတော့မှာ ဖြစ်တဲ့အပြင် သူရဲ့နေရာမှာ အစားထိုး ဝင်ရောက်နေတဲ့ မားကို့စ်အလွန်ဆိုရဲ့ စွမ်းဆောင်ရည်ကိုလည်း နည်းပြတူဟယ်လ်က အပြည့်အဝ မနှစ်သက်တာကြောင့် ချယ်လ်ဆီးအသင်းဘက်က လာမယ့်စျေးကွက်ထဲမှာ ဘယ်နောက်ခံလူတစ်ဦးကို ဦးစားပေး ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဘင်ချီဝဲလ်ကို ကာလရှည်ကြာ အနားပေးထားရတော့မယ့် ချယ်လ်ဆီးအသင်းဟာ လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ ဘယ်ခြမ်းခံစစ် ကစားသမားသစ်တစ်ယောက်ကို အရခေါ်ယူသွားဖို့ ရှိလို့နေပြီး လက်ရှိမှာလည်း အေစီမီလန်အသင်းရဲ့ ဘယ်နောက်ခံကစားသမား သီယိုဟာနန်ဒက်ဇ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းစာ El Nacional ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်လက်တီကိုမက်ဒရစ် ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ နောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ သီယိုဟာနန်ဒက်ဇ်ဟာ မီလန်အသင်းရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်ပြီး အသင်းအတွက် ပွဲပေါင်းတစ်ရာ ပါဝင်ကစားထားခဲ့သလို ဒီရာသီအတွင်းမှာလည်း သွင်းဂိုး(၁)ဂိုးနဲ့ ဂိုးဖန်တီးမှု(၅)ကြိမ်အထိကို ပြုလုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် သီယိုဟာနန်ဒက်ဇ်ဟာ မီလန်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိကို စာချုပ်သက်တမ်း ရှိနေတဲ့ ကစားသမားတစ်ဦး ဖြစ်နေတဲ့အပြင် သူရဲ့လက်ရှိတန်ကြေးကလည်း ယူရိုသန်း(၅၀)လောက်အထိကို ရှိနေတဲ့အတွက် ချယ်လ်ဆီးအသင်းအနေနဲ့ ဒီကစားသမားကို ခေါ်ယူသွားဖို့ ခက်ခဲနိုင်ပြီး ပီအက်စ်ဂျီအသင်းဘက်ကနေလည်း သီယိုဟာနန်ဒက်ဇ်ကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်နေတာကြောင့် အပြိုင်ကမ်းလှမ်းမှုတွေတောင် ရှိလာရနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့်စျေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူဖို့အပြင် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားတွေကိုပါ သက်တမ်းတိုးဖို့ လုပ်ဆောင်ရဦးမှာဖြစ်လို့ ဆောင်းစျေးကွက်က ချယ်လ်ဆီးအတွက် အလုပ်အရှုပ်ဆုံးသော စျေးကွက်တစ်ခု ဖြစ်လာနိုင်ပါတယ်။