ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်ဟာ သူနှစ်သက်ရတဲ့ ဂျာမနီ ကစားသမားတစ်ဦးဖြစ်တဲ့ လီရွိုင်းဆာနေးကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ဆောင်သွားဖို့ ဆန္ဒရှိလို့နေပြီး Daily Express သတင်းစာရဲ့ ဖော်ပြချက်တွေအရ ဆာနေးကို အရခေါ်ယူသွားဖို့အတွက် နည်းပြတူဟယ်လ်အနေနဲ့ အသင်းရဲ့ ကစားသမား(၃)ယောက်နဲ့ပါ အလိုက်ပေး ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football Transfer

အသက်(၂၅)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် တောင်ပံကစားသမား ဆာနေးဟာ မနှစ်ကမှ မန်စီးတီးကနေ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိခဲ့တာဖြစ်ပြီး မွေးရပ်မြေကို ပြန်လည်ရောက်ရှိလာခဲ့ပေမယ့် ဆာနေးဟာ ဘိုင်ယန်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရတာကြောင့် ဆာနေးကို သဘောကျသူဖြစ်တဲ့ နည်းပြတူဟယ်လ်က ချယ်လ်ဆီးအသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆာနေးကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ယူသွားဖို့အတွက် အာဆင်နယ် စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ ချယ်လ်ဆီးက ဆာနေးကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။

Photo Credit : Football London

ချယ်လ်ဆီးအသင်းဟာ ဆာနေးကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးတွေ သုံးစွဲဖို့ထက် ကစားသမား အလဲအထပ် ပုံစံမျိုးနဲ့သာ ကမ်းလှမ်းသွားဖို့ ဆန္ဒရှိလို့နေပြီး ဘိုင်ယန်အသင်းက စိတ်ဝင်စားနေတဲ့ လူငယ်တောင်ပံကစားသမားလေး အိုဒွိုင်း ဘွန်ဒစ်လီဂါမှာ ကျင်လည်ခဲ့ဖူးတဲ့ အမေရိကန် တောင်ပံကစားသမား ပူလီဆစ်နဲ့ မော်ရိုကို ကွင်းလယ်ကစားသမား ဇီယာ့ဇ်တို့ကို အလိုက်ပေး ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ Daily Express ကနေ ဖော်ပြထားပါတယ်။ ရှော်ကေးလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ဆာနေးဟာ ၂၀၁၆ခုနှစ်မှာ ရှော်ကေးကနေ မန်စီးတီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု(၂)ကြိမ် အက်အေဖလား (၁)ကြိမ် လိဂ်ဖလား (၂)ကြိမ် ရယူနိုင်ခဲ့သလို အသင်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့ပေမယ့် ဆာနေးကိုယ်တိုင်က ဂျာမနီကို ပြန်ချင်နေတာကြောင့် ၂၀၂ဝမှာ ဘိုင်ယန်မြူးနစ်အသင်းဆီကို ယူရို(၄၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။