ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အတွက် အေစီမီလန်ကြယ်ပွင့် ရာဖာအယ် လီအိုကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် မက်တီယိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ လူကာကူနဲ့ တီမိုဗာနာတို့ကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပြီးနောက် တိုက်စစ်ပိုင်း အားနည်းချက်တွေနဲ့ ရင်ဆိုင်နေရသလို အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ပူလီဆစ်နဲ့ ဇီရက်ဇ်တို့ရဲ့ အနာဂတ်ကလည်း မရေရာ မသေချာပါဘူး။

Photo Credit: Team Talk

ဒါကြောင့်ပဲ ချယ်လ်ဆီးက လက်ကျန် နွေဈေးကွက် အတွင်းမှာ အသင်းအတွက် အထောင်တိုက်စစ်မှူး တဦးနဲ့ တောင်ပံတိုက်စစ် ကစားသမား တဦးတို့ကို ခေါ်ယူဖို့ လျာထားပြီး ချယ်လ်ဆီးက တိုက်စစ်မှူးနေရာ အတွက် ဘာစီလိုနာကြယ်ပွင့် တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့ ကြိုးစားနေသလို တောင်ပံတိုက်စစ် အတွက် အေစီမီလန်နဲ့ အတော်လေး တောက်ပနေတဲ့ ရာဖာအယ် လီအိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်တူဂီ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဖာအယ် လီအိုက ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ အေစီမီလန်ရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေစီမီလန်အတွက် ပြိုင်ပွဲစုံမှာ ၄၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

 

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မက်တီယိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ရာဖာအယ် လီအိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို လီအိုအတွက် ဆွေးနွေးမှုတွေလည်း စတင် ပြုလုပ်ထားပြီး အေစီမီလန်ကတော့ လီအိုအတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၅၀သန်း ဝန်းကျင် ရမှသာ လီအိုကို ရောင်းချဖွယ် ရှိနေကြောင်း သိရပါတယ်။