ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ စပို့တင်း လစ္စဘွန်းရဲ့ အဓိက ကွင်းလယ်လူ မားသပ် နူနက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးက လက်ရှိအချိန်မှာ ကန်တေ ၊ ဂျော်ဂျင်ဟို ၊ ကိုဗာဆစ် ၊ မေဆန်မောင့် ၊ ဂေးလ်မား ၊ လော့ဖ်တပ်ချိ ၊ ဘာကလေ စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ကန်တေ ၊ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်တို့ကိုသာ အဓိကထား အသုံးပြုနေရပြီး လော့ဖ်တပ်ချိနဲ့ ဘာကလေတို့ကိုလည်း အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်နေတာကြောင့် ကွင်းလယ်လူသစ် တဦးကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ အသင်းပါ။

Photo Credit: Mirror

တဖက်မှာတော့ အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ မားသပ် နူနက်စ်က ဗဟိုကွင်းလယ် ၊ ကွင်းလယ်ခံစစ်နဲ့ ကွင်းလယ်တိုက်စစ် စတဲ့ နေရာစုံမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်ပြီး ကန်တေနဲ့ ဂျော်ဂျင်ဟိုတို့ အသက်အရွယ် ရလာတာကြောင့် ကွင်းလယ်ခံစစ် နေရာမှာ အားနည်းချက်တွေ ရှိနေတဲ့ ချယ်လ်ဆီးအတွက် မားသပ် နူနက်စ်ဟာ ကောင်းမွန်တဲ့ ခေါ်ယူမှု တရပ် ဖြစ်လာနိုင်ပါတယ်။

နာမည်ကြီး ပေါ်တူဂီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Abola သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက မားသပ် နူနက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက မားသပ် နူနက်စ်ရဲ့ အေးဂျင့်ထံ ချိတ်ဆက်မှုတွေ ပြုလုပ်ထားကာ မားသပ် နူနက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၄၆သန်းနဲ့ စတင် ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနကလည်း ချယ်လ်ဆီးဟာ မားသပ် နူနက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး ချယ်လ်ဆီးက နူနက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမားတွေ ဖြစ်တဲ့ စတာလင်း ၊ ဒီလစ်တို့ကို ခေါ်ယူပြီးမှသာ နူနက်စ်ကို ခေါ်ယူဖို့ စတင် လှုပ်ရှားလာနိုင်ကြောင်း ဆိုထားပါတယ်။