ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ဟာ ဂျာမန် ဘွန်ဒက်လီဂါကလပ် လိုက်ပ်ဇက်နဲ့အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်တဲ့ ပြင်သစ် တိုက်စစ်မှူး အန်ကွန်ကူကို လာမယ့် နွေအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်ကွန်ကူဟာ ယခုနှစ် ဘောလုံးရာသီမှာ လိုက်ပ်ဇက်နဲ့အတူ အမြင့်ပျံ ခြေစွမ်းတရပ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး လိုက်ပ်ဇက် အတွက် ပြိုင်ပွဲစုံ ၅၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၄ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂၀ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: 90 Mins

အန်ကွန်ကူဟာ ကြံ့ခိုင်မှု အားကောင်းသလို မြန်နှုန်းမြှင့် ကစားဟန်ကို ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြလည်းဖြစ် အတိုင်ပင်ခံလည်း ဖြစ်တဲ့ ရက်ဖ် ရန်းဂ်နစ်က အန်ကွန်ကူကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ထံ တင်ပြထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Germany သတင်းဌာနရဲ့ ဖော်ပြချက်အရ ရန်းဂ်နစ်ရဲ့ တပည့်ရင်း ဖြစ်သူ ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကလည်း သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် အန်ကွန်ကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အန်ကွန်ကူကို ခေါ်ယူပေးဖို့လည်း အသင်းရဲ့ ပိုင်ရှင်သစ် ဘိုလီထံ တောင်းဆိုထားကြောင်း သိရပါတယ်။

Photo Credit: 90 Mins

လိုက်ပ်ဇက်ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး အန်ကွန်ကူကို လက်လွှတ်ဖို့ ဆန္ဒမရှိဘူးလို့ တုန့်ပြန်ထားပေမယ့် လိုက်ပ်ဇက်နဲ့ အန်ကွန်ကူတို့ရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၂နှစ်သာ ကျန်တော့တာကြောင့် လိုက်ပ်ဇက်ကသာ အန်ကွန်ကူကို လာမယ့် နွေအပြောင်းအရွှေ့မှာ မရောင်းချရင် နောက်ထပ် အပြောင်းအရွှေ့ ရာသီတွေမှာ အန်ကွန်ကူကို ရောင်းချရာကနေ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ရဖို့ မသေချာတော့ပါဘူး။

ဂျာမန်အခြေစိုက် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ ကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ကသာ အန်ကွန်ကူအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးချေနိုင်ရင် အန်ကွန်ကူဟာ လာမယ့် နွေအပြောင်းအရွှေ့မှာပဲ အသင်းပြောင်းဖွယ် ရှိကြောင်း ခန့်မှန်း သုံးသပ်ထားကြပါတယ်။