MySport Myanmar

အရောင်းစာရင်း တင်ခံထားရတဲ့ အမ်ဘာပေကို ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း နာမည်ကြီး ပြင်သစ်သတင်းဌာန တခု ဖြစ်တဲ့ RMC Sports သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်ကြယ်ပွင့် ကိုင်လီယန် အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁နှစ် ကျန်နေသေးသူ ဖြစ်ပြီး ပီအက်စ်ဂျီက အမ်ဘာပေကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အမ်ဘာပေကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Football London

ပီအက်စ်ဂျီရဲ့ ဘုတ်အဖွဲ့နဲ့ အားကစားရေးရာ တာဝန်ရှိသူတို့က ယနေ့ မနက်အစောပိုင်းမှာပဲ အမ်ဘာပေရဲ့ ကိစ္စကို ဆွေးနွေး အဖြေရှာခဲ့ကြပြီး နောက်ဆုံးမှာ အမ်ဘာပေ တယောက် ယခုလကုန် အထိ အသင်းနဲ့ စာချုပ်သစ် ချုပ်ဖို့ သဘောမတူခဲ့ရင် အမ်ဘာပေကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ဖို့ စီစဉ်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ ဆော်ဒီထိပ်သီးကလပ်တွေ အပါအဝင် ဥရောပ နာမည်ကြီးအသင်းတွေက အမ်ဘာပေကို ခေါ်ယူဖို့ စုံစမ်းမှုတွေ စတင် ပြုလုပ်နေကြပြီး အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ ချယ်လ်ဆီးလည်း ပါဝင်လာပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ RMC Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးနဲ့ နောက်ထပ် ပရီးမီးယားလိဂ်အသင်း တသင်းက အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေက အမ်ဘာပေကို စည်းရုံးဖို့ ပြင်ဆင်မှုတွေပါ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

ပီအက်စ်ဂျီက အမ်ဘာပေအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀၀သန်း အထိ လိုချင်နေပေမယ့် ချယ်လ်ဆီး (သို့) အခြားအသင်းတွေက အမ်ဘာပေအတွက် အမြင့်ဆုံးမှ ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်း ဝန်းကျင်သာ ပေးချေချင်နေကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

Exit mobile version