လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းရဲ့ ချန်ပီယံလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အသင်းကို အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ် နောက်ခံလူ မာကွင်ဟိုဟာ သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ် ဖြစ်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး တဦး ၊ ကွင်းလယ်ခံစစ် ကစားသမား တဦးနဲ့ ညာနောက်ခံလူ တဦးတို့ကို ခေါ်ယူဖို့ လျာထားတဲ့ အသင်းတသင်း ဖြစ်ပြီး တိုက်စစ်မှူးနေရာ အတွက် ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းနဲ့ ဗီလာရီးရဲလ်အသင်းရဲ့ တိုက်စစ်မှူး မော်ရီနိုတို့ကို စောင့်ကြည့် နေသလို ကွင်းလယ်ခံစစ် ကစားသမားနေရာ အတွက် ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်နဲ့ မာကွင်ဟိုတို့ကို စိတ်ဝင်စားနေပါတယ်။

Photo Credit:  Football London

အသက် ၂၇နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် နောက်ခံလူ မာကွင်ဟိုဟာ ကနဦးမှာ ဗဟိုနောက်ခံလူ စစ်စစ် ဖြစ်ပေမယ့် ပီအက်စ်ဂျီအသင်းကို တူချယ် ကိုင်တွယ်စဉ်မှာ မာကွင်ဟိုကို ကွင်းလယ်ခံစစ် နေရာမှာ ကစားတတ်အောင် လေ့ကျင့် သင်ကြားပေးခဲ့တာကြောင့် ကွင်းလယ်ခံစစ် နေရာမှာပါ အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမား တဦး ဖြစ်လာပါတယ်။

ဘောလုံး ရေခံ ၊ မြေခံ ကောင်းတဲ့ ဘရာဇီးလ်သား တဦး ဖြစ်တာနဲ့ အညီ မာကွင်ဟိုဟာ ဘောလုံးစွမ်းရည် မြင့်မားတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ချယ်လ်ဆီးနည်းပြ တူချယ်ရဲ့ စိတ်ကြိုက် ကစားသမား တဦး ဖြစ်ပြီး ဝက်စ်ဟမ်းအသင်းဟာ ဒီကလန်ရိုက်စ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း အထိ တောင်းဆို နေတာကြောင့် တူချယ်က မာကွင်ဟိုကိုသာ ခေါ်ယူပေးဖို့ ချယ်လ်ဆီးအသင်းရဲ့ ဘုတ်အဖွဲ့ထံ တင်ပြခဲ့ကြောင်း ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။

Photo Credit:  Football London

အသက် ၂၇နှစ် အရွယ် မာကွင်ဟိုဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့် ဆရာဟောင်း တူချယ်ရဲ့ လက်အောက်မှာ နောက်ထပ် တကြိမ် ကစားဖို့ ဆန္ဒရှိနေသလို တူချယ်ကလည်း မာကွင်ဟိုနဲ့ အတူ ထပ်မံ လက်တွဲချင်နေပါတယ်။

ပီအက်စ်ဂျီအသင်း ကတော့ သူတို့အသင်းရဲ့ အဓိက နောက်ခံလူကို လွယ်လွယ်နဲ့ လက်လွှတ်ချင်ပုံ မရှိပေမယ့် မာကွင်ဟိုက အသင်းပြောင်းဖို့ တောင်းဆိုလာပါက ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားဖို့ ရှိနေကာ မာကွင်ဟို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်းခန့် တောင်းဆိုဖွယ် ရှိကြောင်း Football London သတင်းဌာနက ဖော်ပြထားပါတယ်။