MySport Myanmar

ဘိုင်ယန်မြူးနစ်မှာ မပျော်တဲ့ မာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ဆာဒီယို မာနေးကို လာမယ့် နွေဈေးကွက် အတွင်းမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဆီနီဂေါ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာဒီယို မာနေးက ယခုနှစ် ဘောလုံးရာသီ အစကမှ လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၂သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး မာနေးဟာ ဘိုင်ယန်မြူးနစ်နဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Team Talk

မာနေးက လီဗာပူးမှာ ဆာလာ ၊ ဖာမီနိုတို့နဲ့ တွဲဖက်ကာ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်သူ ဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရသလို မကြာသေးမီကပဲ အသင်းဖော် လီရွိုင်း ဆာနေးနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပါသေးတယ်။

ဒါကြောင့်ပဲ မာနေးက လာမယ့် နွေဈေးကွက် အတွင်းမှာ ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာကာ ပရီးမီးယားလိဂ်ဆီ ပြန်လည် ခြေချဖို့ စဉ်းစားနေသလို ဘိုင်ယန်မြူးနစ်ကလည်း မာနေးအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် မာနေးကို ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ Football Insiderနဲ့ Daily Mailတို့ရဲ့ ဖော်ပြချက်တွေအရ ဒီရာသီမှာ တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိနေတဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း ပြဿနာတွေ အတွက် ရေတိုဖြေရှင်းမှု အဖြစ် မာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူ တချို့က မာနေးရဲ့ ကိုယ်စားလှယ်တွေထံ ချိတ်ဆက်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ရှိရင်းစွဲ တိုက်စစ်မှူးတွေ ဖြစ်တဲ့ အူဘာမီယန်းနဲ့ လူကာကူတို့ကို ရောင်းချဖို့ ရာခိုင်နှုန်း များနေသလို အက်သလက်တီကို မက်ဒရစ်ကနေ အငှားနဲ့ ခေါ်ထားတဲ့ ဖီးလစ်ကိုလည်း အပြီးသတ် မခေါ်တော့ဖို့ ဆုံးဖြတ်ထားတာကြောင့် တိုက်စစ်မှူး တဦးကို မဖြစ်မနေ ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

Exit mobile version