ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဟာ သူတို့ရဲ့ အစဉ်အလာ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိက ခံစစ်မှူးလည်း ဖြစ်တဲ့ ဟယ်ရီ မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

မကြာမီကမှ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ထားတဲ့ ချယ်လ်ဆီးဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက နောက်ခံလူတွေ ဖြစ်တဲ့ ရူဒီဂါ ၊ ခရစ်တန်ဆန် ၊ အက်စ်ပီလီကွီတာ ၊ အလွန်ဆို စတဲ့ ကစားသမားတွေကို လက်လွှတ် ဆုံးရှုံးရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ ချယ်လ်ဆီးက လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ ခံစစ်ကြောင်း အတွက် အနိမ့်ဆုံး ကစားသမားသစ် ၄ဦးခန့် ခေါ်ရဖို့ ရှိနေပြီး အထူးသဖြင့် အသက်အရွယ် ရလာတဲ့ သီယာဂို ဆေးလ်ဗားရဲ့ နေရာနဲ့ အသင်းကနေ ထွက်ခွာဖို့ သေချာသွားတဲ့ ရူဒီဂါတို့ရဲ့ နေရာတွေကို အစားဝင်နိုင်မယ့် အဆင့်အတန်းမှီ ဗဟိုခံစစ်မှူး နှစ်ဦးကို သေချာပေါက် ခေါ်ယူရဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးက ဆီဗီးလား နောက်ခံလူ ခွန်ဒေနဲ့ ဗီလာရီးရဲလ် ခံစစ်မှူး တောရက်စ်တို့ကို ခေါ်ယူဖို့ မျက်စိကျနေပေမယ့် အင်္ဂလန် လက်ရွေးစင် ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကလည်း ချယ်လ်ဆီးရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပါတယ်။

Photo Credit: Football London

နာမည်ကျော် သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ပင်တိုင် အစီအစဉ် တင်ဆက်သူ ရစ်ချက်ကီးရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူ တချို့က လာမယ့် နွေအပြောင်းအရွှေ့မှာ ဟယ်ရီ မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မက်ဂွိုင်းယား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင် သုံးစွဲဖို့ ပြင်ဆင်ထားကြောင်းလည်း သိရှိရပါတယ်။

အသက် ၂၉နှစ် အရွယ် မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ ယခုနှစ် ဘောလုံးရာသီမှာ ပုံမှန် ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် အင်္ဂလန်အသင်းရဲ့ မရှိမဖြစ် ခံစစ်မှူး တဦး ဖြစ်တာကြောင့် ချယ်လ်ဆီးက သူ့ကို ခေါ်ယူချင်နေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ကတော့ သူတို့အသင်းရဲ့ အဓိက ခံစစ်မှူး မက်ဂွိုင်းယား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၅သန်း ဝန်းကျင် အလိုရှိနိုင်ကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။