မကြာသေးမီကမှ အသင်းပိုင်ရှင် အပြောင်းအလဲတွေ ဖြစ်ထားတဲ့ ချယ်လ်ဆီးကတော့ လာမယ့်ရာသီ အတွက် ပြင်ဆင်မှု တရပ်အနေနဲ့ အေစီမီလန်နဲ့အတူ တောက်ပနေတဲ့ ပေါ်တူဂီ လူငယ်ကြယ်ပွင့် ရာဖေးလ်လီအိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ပါဝင်လာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အမေရိကန် သူဌေးအုပ်စု တော့ပ်ဘိုလီရဲ့ လက်အောက်ကို ရောက်သွားတဲ့ ချယ်လ်ဆီးက ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းကို သွေးသစ်လောင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတဲ့ အသင်းတသင်း ဖြစ်ပြီး တောင်ပံတိုက်စစ် အခန်းကဏ္ဍကို မြှင့်တင်ဖို့ဟာ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

Photo Credit: 90 Mins

လက်ရှိအချိန်မှာ ချယ်လ်ဆီးက ပူလီဆစ်နဲ့ ဇီရက်ဇ်တို့လို တောင်ပံတိုက်စစ် ကစားသမား နှစ်ဦးကို ပိုင်ဆိုင်ထားသလို ကိုင်ဟားဗက်နဲ့ တီမိုဗာနာတို့လို တောင်ပံတိုက်စစ် နေရာတွေမှာ ထွက်ကစားနိုင်တဲ့ တိုက်စစ်ကစားသမားတွေလည်း ရှိနေပေမယ့် သူတို့၄ဦးစလုံးပေါင်း စွမ်းဆောင်ရည်က အားရစရာ ကောင်းတဲ့ အနေအထား တရပ်မှာ မရှိတာကြောင့် ချယ်လ်ဆီးနည်းပြ တူဟယ်လ်က သူ့ရဲ့ တပည့်ဟောင်း ဒမ်ဘီလီ အပါအဝင် တောင်ပံတိုက်စစ် ကစားသမား အများအပြားကို ခေါ်ယူဖို့ အတွက် စတင် ကြိုးပမ်းနေပါတယ်။

ချယ်လ်ဆီးက ဘာစီလိုနာကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ နီးစပ်နေတဲ့ ဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေသလို ချယ်လ်ဆီးရဲ့ ကင်းထောက်တွေက အေစီမီလန်နဲ့အတူ တောက်ပနေတဲ့ ရာဖေးလ်လီအိုကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးချေကာ ခေါ်ယူဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တင်ပြထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနက ဆိုပါတယ်။

Photo Credit: 90 Mins

90 Mins သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဟာ အေစီမီလန်ကြယ်ပွင့် ရာဖေးလ်လီအိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ အသင်းကြီးတွေထဲမှာ ပါဝင်လာခဲ့သလို ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ရာဖေးလ်လီအိုကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးချေကာ ခေါ်ယူဖို့ပါ စဉ်းစားနေကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်တူဂီ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဖေးလ်လီအိုက ဘောလုံးစွမ်းရည်မြင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၁၅၀သန်း ရှိနေကာ အေစီမီလန်ကတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားကို ခေါ်ယူချင်ရင် စာချုပ်ဖျက်သိမ်းကြေး ပေးရမယ်လို့ တရားဝင် ပြောကြားထားပါတယ်။