ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ တံကောက်ကြောဒဏ်ရာ ရသွားတဲ့ အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်ကြောင့် ဗယ်လာဒိုးလစ်ရဲ့ အဓိက ညာနောက်ခံလူ ဖရက်စ်နီဒါကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPNသတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်က ယခု ကြားရက်အတွင်းမှာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းနေရင်း တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါဒဏ်ရာကြောင့် ရီစီဂျိမ်းစ်က အနည်းဆုံး ၁လ ကနေ အများဆုံး ၂လ ဝန်းကျင် အထိ အနားယူရတော့မှာပါ။

Photo Credit: Football 365

ရီစီဂျိမ်းစ် တယောက် ဒဏ်ရာရသွားတာကြောင့် ချယ်လ်ဆီးရဲ့ ညာနောက်ခံလူ နေရာမှာ ဂတ်စတို တဦးထဲသာ ကျန်တော့ပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူ တချို့က ရီစီဂျိမ်းစ်ရဲ့ ကြံ့ခိုင်မှုကို သိပ်မယုံကြည်တော့တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ ညာနောက်ခံလူ တဦး ထပ်မံ ခေါ်ယူဖို့ စတင် စဉ်းစားနေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက အသက် ၁၈နှစ် အရွယ်သာ ဗယ်လာဒိုးလစ် လူငယ်ကြယ်ပွင့် ဖရက်စ်နီဒါကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဖရက်စ်နီဒါကလည်း ကနဦးမှာ ဘာစီလိုနာဆီ ပြောင်းချင်ခဲ့ပေမယ့် ဘာစီလိုနာက သူ့အစား ကန်ဆယ်လိုကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် တခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားတော့မယ်လို့ သိရပါတယ်။

Photo Credit: Goal

အသက် ၁၈နှစ် အရွယ် စပိန်လူငယ်ကြယ်ပွင့် ဖရက်စ်နီဒါက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗယ်လာဒိုးလစ် အတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ အထိ ပါဝင် ကစားပေးခဲ့ပါတယ်။

ဗယ်လာဒိုးလစ်က သူတို့ရဲ့ လူငယ်ကြယ်ပွင့် ဖရက်စ်နီဒါကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားချင်ပေမယ့် အကယ်၍ ဖရက်စ်နီဒါကသာ အသင်းပြောင်းခွင့် တောင်းခံလာရင် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင်နဲ့ ဖရက်စ်နီဒါကို ရောင်းချဖို့ စဉ်းစားထားပါတယ်။