ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ဘရာဇီးလ် နာမည်ကျော်ကလပ် ဖလာမင်ဂိုရဲ့ လူငယ်ကြယ်ပွင့် မားသီးယပ်စ် ဖရန်ကာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ ကိုင် ဟားဗက်ဇ် ၊ ကူလီဘလီ ၊ ကိုဗာဆစ် ၊ မန်ဒီ ၊ လော့ဖ်တပ်ချိ ၊ ကန်တီ စတဲ့ ကစားသမားတွေကို ရောင်းချထားသလို ဘာကာယိုကို ၊ အက်စ်ပီလီကွီတာ စတဲ့ ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးထားပြီး မေဆန်မောင့် ၊ ပူလီဆစ် ၊ အူဘာမီယန်း ၊ ဇီရက်ဇ် စတဲ့ ကစားသမားတွေကလည်း အသင်းကို စွန့်ခွာဖို့ ရှိနေတာကြောင့် ကစားသမားသစ် များစွာ ခေါ်ယူဖို့ လိုအပ်နေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ချယ်လ်ဆီးက ဒီနွေရာသီမှာ စီနီယာ ကစားသမား ၁၂ဦး ၊ ၁၃ဦး အထိ လက်လွှတ်ဖို့ ဆုံးဖြတ်ထားပေမယ့် သူတို့အသင်းဆီ ပြင်သစ်တိုက်စစ်မှူး အန်ကွန်ကူနဲ့ ဆီနီဂေါ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်တို့ နှစ်ဦးထဲသာ ပြန်ခေါ်ထားနိုင်ပြီး ချယ်လ်ဆီးနည်းပြသစ် ပိုချက်တီနိုကတော့ ရာသီကြို ခြေစမ်းပွဲတွေ မစတင်မီမှာ ကစားသမားသစ်တွေ အမြန်ခေါ်ပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ကို တိုက်တွန်းနေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဖလာမင်ဂိုနဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် မားသီးယပ်စ် ဖရန်ကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဖလာမင်ဂိုကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိရပါတယ်။

Photo Credit: Metro Sports

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် ဖရန်ကာက ကွင်းလယ်တိုက်စစ် ကစားသမား တဦး ဖြစ်ပြီး သူဟာ ဖလာမင်ဂိုအတွက် ပြိုင်ပွဲစုံမှာ ၅၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး အထိ သွင်းယူပေးထားနိုင်ပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ဖရန်ကာရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် စုံစမ်းမှုတွေ ပြုလုပ်နေပြီး ဖရန်ကာက ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း နီးစပ်သူတွေက ဆိုကြပါတယ်။