MySport Myanmar

ဘာစီလိုနာပစ်မှတ် အန်းဒရစ်ကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းနေပြန်တဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက မန်ချက်စတာ စီးတီးရဲ့ ပစ်မှတ် ကူကူရယ်လာ ၊ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် ဒီဂျောင်တို့ကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းနေသလို ယခုတခါမှာလည်း ဘာစီလိုနာရဲ့ ပစ်မှတ် ဘရာဇီးလ် လူငယ်ကြယ်ပွင့် အန်းဒရစ်ကို ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းနေကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာကော့ဘ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အန်းဒရစ်က ဘရာဇီးလ်ကလပ် ပါးလ်မီးယပ်ရဲ့ ယူ-၂၀အသင်းနဲ့အတူ အတော်လေး တောက်ပနေသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ပါးလ်မီးယပ် ယူ-၂၀အသင်း အတွက် ၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး အထိ သွင်းယူထားနိုင်သူပါ။

Photo Credit: Football Espana

ဒါ့အပြင် အန်းဒရစ်က ဘရာဇီးလ် ယူ-၁၇အသင်း အတွက် ၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ပြီး အန်းဒရစ်ဟာ ပေါက်ကွဲအား ကောင်းတဲ့ တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် ဘရာဇီးလ်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ အက်ဒီယာနိုနဲ့ ခိုင်းနှိုင်းကာ ချီးကျူးခံနေရပါတယ်။

အန်းဒရစ်ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဆွေးနွေးမှု တချို့ပါ ပြုလုပ်နေပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးက အန်းဒရစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာသလို အန်းဒရစ်ကို ဘာစီလိုနာရဲ့ လက်ထဲကနေ ကြားဖြတ် ခေါ်ယူဖို့ပါ စီစဉ်နေကြောင်း နာမည်ကြီး သတင်းထောက် ဂျာကော့ဘ်က ဆိုပါတယ်။

Photo Credit: Football Espana

ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ ဂျာကော့ဘ်ရဲ့ အဆိုအရ ချယ်လ်ဆီးက အန်းဒရစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အန်းဒရစ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး မကြာခင်မှာ အန်းဒရစ် အတွက် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်ကြောင်း သိရပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးက အန်းဒရစ်ကို ခေါ်ယူပြီးရင် သူတို့အသင်းထံ တခါထဲ ခေါ်ယူဖို့ထက် ပါးလ်မီးယပ်ဆီသာ အငှားပြန်ချနိုင်ပြီး ပါးလ်မီးယပ်က အန်းဒရစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် လိုချင်နေကြောင်း ပါးလ်မီးယပ်နဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

Exit mobile version