ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့ရဲ့ အဓိကပြိုင်ဘက် မန်ချက်စတာ စီးတီးရဲ့ ထိပ်သီးပစ်မှတ် တဦး ဖြစ်သူ ဘရိုက်တန် ဘယ်နောက်ခံလူ ကူကူရယ်လာကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းလာကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မကြာမီကမှ အသင်းပိုင်ရှင်သစ် အပြောင်းအလဲ ဖြစ်ထားတဲ့ ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ခံစစ်မှူးတွေ ဖြစ်ကြတဲ့ ခရစ်တန်ဆန်နဲ့ ရူဒီဂါတို့ကို ဆုံးရှုံးထားရသလို အသင်းရဲ့ ခံစစ်အစွန်လူတွေ ဖြစ်တဲ့ အက်စ်ပီလီကွီတာနဲ့ မားကို့စ် အလွန်ဆိုတို့ကလည်း သူတို့ရဲ့ မွေးရပ်မြေ ဖြစ်တဲ့ စပိန်နိုင်ငံဆီ ပြန်ဖို့ စီစဉ်နေကြပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ ခံစစ် ကစားသမားသစ် အများအပြားကို ပြန်လည် ခေါ်ယူကာ အသင်းရဲ့ ခံစစ်ကြောင်းကို ပြန်လည် ပြုပြင်ရဖို့ ရှိနေပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ဘယ်နောက်ခံလူ နေရာအတွက် ဘရိုက်တန်နဲ့အတူ တောက်ပခဲ့တဲ့ ကူကူရယ်လာကို ခေါ်ယူချင်နေပါတယ်။

အသက် ၂၃နှစ် အရွယ် စပိန် ဘယ်နောက်ခံလူ ကူကူရယ်လာက ပြီးခဲ့တဲ့ ဘောလုံးရာသီ အစကမှ စပိန်ကလပ် ဂီတာဖေးကနေ ဘရိုက်တန်ထံ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာပဲ ထိပ်တန်းအဆင့် ခြေစွမ်းတွေကို ထုတ်ဖော် ပြသနိုင်ခဲ့သူပါ။

Photo Credit: Football London

ကူကူရယ်လာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘရိုက်တန်အတွက် ပြိုင်ပွဲစုံ ၃၈ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ တိုက်စစ်လိုက်ပါနိုင်စွမ်း မြင့်မားမှုကြောင့်ပဲ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ စီးတီးတို့က သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

နာမည်ကြီး အင်္ဂလန် သတင်းထောက် ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်တွေအရ ချယ်လ်ဆီးက ကူကူရယ်လာကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေသလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကူကူရယ်လာ အတွက် စုံစမ်းမှု တချို့ ပြုလုပ်ထားကာ ကူကူရယ်လာကတော့ မန်ချက်စတာ စီးတီးဆီ မပြောင်းရွှေ့နိုင်မှသာ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားဖို့ ရှိနေကြောင်း သိရပါတယ်။