ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးကတော့ ယခု နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေတဲ့ အသင်းခေါင်းဆောင် အက်စ်ပီလီကွီတာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ပြင်သစ် လီဂူးဝမ်းကလပ် လန်းစ်ရဲ့ အဓိက ညာနောက်ခံလူ ကလော့စ်ကို ခေါ်ယူချင်နေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးရဲ့ အသင်းခေါင်းဆောင် ဝါရင့် ညာနောက်ခံလူ အက်စ်ပီလီကွီတာက ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် ယခု နွေဈေးကွက် အတွင်းမှာပဲ မွေးရပ်မြေ စပိန်ရဲ့ ထိပ်သီးကလပ် ဘာစီလိုနာထံ ပြောင်းရွှေ့ချင်နေသူ ဖြစ်ပြီး သူ့ကို အသင်းပြောင်းခွင့် ပေးဖို့လည်း ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားသူပါ။

Photo Credit: RMC Sports

လက်ရှိမှာတော့ ဘာစီလိုနာက အက်စ်ပီလီကွီတာရဲ့ အပြောင်းအရွှေ့ အတွက် ချယ်လ်ဆီးထံ တရားဝင် ဆက်သွယ်မှုတွေ မလုပ်ရသေးပေမယ့် ချယ်လ်ဆီးဘက်က ကွီတာရဲ့ နေရာကို အစားဝင်နိုင်မယ့် ညာနောက်ခံလူ တဦးကို ခေါ်ယူဖို့ စတင် လှုပ်ရှားနေပြီး လန်းစ်နဲ့အတူ တောက်ပနေတဲ့ ကလော့စ်ဟာ သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

အသက် ၂၉နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ညာနောက်ခံလူ ဂျိုနသန် ကလော့စ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လန်းစ်နဲ့အတူ တောက်ပခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး သူက လန်းစ်အတွက် ပြိုင်ပွဲစုံ ၄၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: RMC Sports

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပ အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ချယ်လ်ဆီးတို့က ကလော့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ချယ်လ်ဆီးက ကလော့စ်အတွက် စုံစမ်းမှုတွေပါ စတင် ပြုလုပ်နေကြောင်း နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ RMC Sportsက ဆိုပါတယ်။

လန်းစ်ကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ ကလော့စ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းကျော် လိုချင်နေပြီး ကလော့စ်ကလည်း သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားချိန်မှာ ဥရောပ အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။