ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဆန်းချက်ဇ် တယောက် ဒူးဒဏ်ရာကြောင့် အချိန်အတော်ကြာ နားရဖို့ သေချာသွားပြီးနောက် မြို့ခံပြိုင်ဘက် အာဆင်နယ်ရဲ့ ဂိုးသမား ရမ်စဒဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ချယ်လ်ဆီးက ဂိုးသမားနေရာမှာ ရော်ဘတ် ဆန်းချက်ဇ် ၊ ကီပါနဲ့ ပီထရိုဗစ် စတဲ့ ဂိုးသမား ၃ဦးကို ပိုင်ဆိုင်ထားပေမယ့် ကီပါကို ရီးရဲလ်မက်ဒရစ်ဆီ တရာသီ အငှားချခဲ့သလို ရော်ဘတ် ဆန်းချက်ဇ်ကလည်း နောက်ဆုံး ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲမှာ ဒူးဒဏ်ရာ ရရှိခဲ့ပါတယ်။

Photo Credit: Football London

ချယ်လ်ဆီးရဲ့ ဆေးအဖွဲ့က ရော်ဘတ် ဆန်းချက်ဇ်ရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ လုပ်ခဲ့ရာ ဒူးဒဏ်ရာ ဖြစ်နေတာကြောင့် အချိန်အတော်ကြာ အနားယူရမယ်လို့ စစ်ဆေး သိရှိပြီးနောက် ချယ်လ်ဆီးရဲ့ တာဝန်ခံတွေက လာမယ့် ဆောင်းဈေးကွက်မှာ အသင်းအတွက် ဂိုးသမားသစ် တဦး ထပ်ခေါ်ဖို့ စဉ်းစားနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportsရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဂိုးသမား ရော်ဘတ် ဆန်းချက်ဇ် တယောက် ဒဏ်ရာရသွားပြီးနောက် အသင်းအတွက် ဂိုးသမားသစ် တဦး ထပ်ခေါ်ဖို့ စီစဉ်နေပြီး ချယ်လ်ဆီးရဲ့ နံပါတ်တစ် ပစ်မှတ်ဟာ အာဆင်နယ်မှာ နေရာမရတဲ့ အင်္ဂလန် ဂိုးသမား ရမ်စဒဲလ် ဖြစ်ကာ ချယ်လ်ဆီးဟာ ရမ်စဒဲလ်ကို လာမယ့် ဆောင်းဈေးကွက်မှာ ခေါ်ယူဖို့ ကြိုးစားနိုင်ကြောင်း သိရပါတယ်။

Photo Credit: The Sun

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailကလည်း ချယ်လ်ဆီးဟာ ရမ်စဒဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းအား ထပ်ဆင့် အတည်ပြုပေးထားပြီး ချယ်လ်ဆီးအပြင် နယူးကာဆယ်ကလည်း ရမ်စဒဲလ်ကို ခေါ်ယူချင်နေကြောင်း ဖော်ပြထားပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်စဒဲလ်က ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ အာဆင်နယ်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်ခဲ့ပေမယ့် စပိန်ဂိုးသမား ဒေးဗစ် ရာယာ ရောက်ရှိလာပြီးနောက် အရန်ခုံမှာသာ ထိုင်နေရသူ ဖြစ်ပြီး အာဆင်နယ်က ရမ်စဒဲလ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိပါတယ်။