ပရီးမီးယားလိဂ် ရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီး အသင်းဟာ ယခု လက်ရှိနည်းပြ ဖြစ်သူ အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖရန့် လမ်းပတ် ရဲ့ နေရာမှာ အစားထိုးဖို့အတွက် နည်းပြသစ်တွေ ရှာဖွေနေပြီးတော့ ယာယီနည်းပြ စာရင်းထဲမှာတော့ ဘွန်ဒက်လီဂါက နည်းပြဟောင်းတွေက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ထိုအထဲကမှ ဘွန်ဒက်လီဂါ ကလပ် လိုက်ပ်ဇစ် အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ ယခုလက်ရှိ ပရီးမီးယားလိဂ် ကလပ် ဆောက်သမ်တန် အသင်းရဲ့ နည်းပြ ရာလ်ဖ် ဟာစင်ဟက်တယ် က ချယ်လ်ဆီး အသင်းနည်းပြ နေရာအတွက် စောင့်ကြည့်အခံရဆုံး နည်းပြ ဖြစ်နေတယ်လို့ နာမည်ကြီး Daily Mail သတင်းစာရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။

Photo Credit: Metro

ဩစတြီးယားလူမျိုး နည်းပြ ဖြစ်သူ ဟာစင်ဟက်တယ် ဟာ ရာသီဝက်မှာတင် ဆောက်သမ်တန် အသင်းကနေ ထွက်ခွာမှာ မဟုတ်တာကြောင့် ချယ်လ်ဆီး အသင်းအနေနဲ့ ဟာစင်ဟက်တယ် ကို ယာယီနည်းပြ အဖြစ်တော့ မြင်မိမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အသက် ၅၃ နှစ်ရှိပြီ ဖြစ်တဲ့ ဟာစင်ဟက်တယ် ဟာ ဆောက်သမ်တန် အသင်းကို ဆက်လက်ပြီး ပုံစံကောင်းတွေ ရရှိအောင် ကိုင်တွယ်နိုင်ခဲ့ရင်၊ တစ်ဖက်မှာလည်း ချယ်လ်ဆီး အသင်းအနေနဲ့ နွေရာသီမှာ လမ်းပတ်ကို နည်းပြ ရာထူးကနေ ထုတ်ပယ်ဖြစ်ခဲ့ရင် ဟာစင်ဟက်တယ်ကို ခန့်အပ်ဖို့အတွက် စဉ်းစား သွားနိုင်ချေတော့ ရှိပါတယ်။ ဟာစင်ဟက်တယ် အပြင် လမ်းပတ်နေရာမှာ ယခုလက်ရှိ လိုက်ပ်ဇစ်အသင်းရဲ့ နည်းပြ ဖြစ်သူ ဂျုလီယန် နေးဂဲလ်စမန်း ကိုလည်း အစားထိုးသွားဖို့ ချယ်လ်ဆီး အသင်းက စောင့်ကြည့်နေပါတယ်။

Photo Credit: Metro

ဂျာမနီလူမျိုး‌နည်းပြ တွေ ဖြစ်ကြတဲ့ ပီအက်စ်ဂျီ အသင်း နည်းပြဟောင်း သောမတ်စ်တူချယ် နဲ့ လိုက်ပ်ဇစ်နည်းပြဟောင်း ရာလ်ဖ် ရန်းနစ် တို့နှစ်ဦးဟာလည်း အခုလက်ရှိမှာ အသင်းမဲ့ဖြစ်နေတာကြောင့် ချယ်လ်ဆီး အသင်းအနေနဲ့ အရေးပေါ်နည်းပြ အစားထိုးဖို့ လိုအပ်လာရင် ထည့်သွင်းစဉ်းစားထားတဲ့ နည်းပြတွေ လည်း ဖြစ်ကြပါတယ်။ ဒါ့အပြင် မကြာသေးခင်ကမှ အသင်းနဲ့ အင်တာဗျူးခြင်း ခံထားရတဲ့ ဂျုဗင်တပ် အသင်းနည်းပြဟောင်း ဖြစ်သူ မာစီမီလီယာနို အယ်လီဂရီ ကလည်း ချယ်လ်ဆီး အသင်းနည်းပြသစ်ဖြစ်လာဖို့ အတွက် ထင်ကြေးပေးခံနေရပါတယ်။ ပြီးခဲ့တဲ့ ရာသီကမှ ချယ်လ်ဆီး အသင်းရဲ့ နည်းပြ ဖြစ်လာခဲ့တဲ့ လမ်းပတ်ဟာ စတင်ကိုင်တွယ်တဲ့ ရာသီမှာ ကောင်းမွန်တဲ့ ခြေစွမ်းမျိုးရရှိအောင် နည်းပြ နိုင်ခဲ့ပြီးတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင်ပါ စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ပေါင် သန်း ၂၀၀ ကျော် အသုံးပြုထားခဲ့ပေမယ့်လည်း အသင်းရဲ့ ပုံစံဟာ အတော်လေး ဆိုးဝါးနေတယ်လို့ ဆိုရပါမယ်။ ဒါ့အပြင် ချယ်လ်ဆီး အသင်းအနေနဲ့ နောက်ဆုံး ကစားထားတဲ့ ၇ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိထားခဲ့တာကြောင့် နည်းပြ လမ်းပတ်အပေါ်မှာ အခုလို ဖိအားတွေ ဝင်နေရတာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းတာဝန်ရှိသူတွေကတော့ အခုလို အခြေအနေဆိုးတွေကနေ ရုန်းထွက်ဖို့အတွက် လမ်းပတ် ကို အချိန်ပေးသွားမယ်လို့ ပြောဆိုထားပြီးတော့ အကယ်၍သာ ဖူလ်ဟမ်အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာပါ ရှုံးနိမ့်ခဲ့ရင်တော့ အခြေအနေတွေက တစ်မျိုး ဖြစ်သွားနိုင်ပါတယ်။