ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ပူးတွဲပိုင်ရှင် တော့ပ် ဘိုလေနဲ့ ချယ်လ်ဆီးရဲ့ အကြီးအကဲတွေက လက်ရှိ အသင်းရဲ့ နည်းပြချုပ် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားခဲ့ရင် အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖွယ် ရှိနေကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အမေရိကန် သန်းကြွယ်သူဌေး တော့ပ် ဘိုလေက ချယ်လ်ဆီးကို ပူးတွဲ ပိုင်ဆိုင်ပြီးနောက် ဂျာမန်နည်းပြ တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ကာ အင်္ဂလိပ်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ရာသီဝက်မှာပဲ လမ်းခွဲကာ ရာသီကုန်ချိန်မှာ စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူခဲ့ပါတယ်။

Photo Credit: Talksports

ချယ်လ်ဆီးက ပိုချက်တီနိုကို ယခုနှစ် ဘောလုံးရာသီ အစမှာပဲ ၃နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ပိုချက်တီနိုရဲ့ လက်အောက်မှာ ချယ်လ်ဆီးရဲ့ ကစားပုံရော ၊ ရလဒ်ပိုင်းပါ မတိုးတက်လာသေးပေမယ့် ကာရာဘောင်းပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ် အထိ ရောက်ရှိနေပါတယ်။

တဖက်မှာတော့ အသက် ၆၀အရွယ် ဝါရင့် ပေါ်တူဂီနည်းပြ ဟိုဆေး မော်ရင်ဟိုက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားကနေ ထုတ်ပယ်ခံခဲ့ရပြီး မော်ရင်ဟိုက ရိုးမားကို ၂ရာသီခွဲကြာ ကိုင်တွယ်ခဲ့ရာ ယူရိုပါ ကွန်းဖရန့်လိဂ် ဆုဖလား ရယူပေးခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဆီလည်း ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Tribuna

ချယ်လ်ဆီးနဲ့ ပတ်သတ်တဲ့ သတင်းတွေကို အဓိကထား ဖော်ပြလေ့ ရှိတဲ့ နာမည်ကြီး သတင်းထောက် ဂျက် ပစ်တ် ဘရော့ခ်ကတော့ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေဟာ မော်ရင်ဟိုကို တတိယအကြိမ်မြောက် အဖြစ် အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း ဆိုလာပါတယ်။

ဂျက် ပစ်တ် ဘရော့ခ်က – “ဒါက (ချယ်လ်ဆီးနဲ့ မော်ရင်ဟို ပြန်လည် ပေါင်းစည်းမှု) အတော်လေး စွဲမက်စရာကောင်းတဲ့ အရာပါ။ ချယ်လ်ဆီးရဲ့ ပိုင်ရှင်တွေကလည်း ဟိုဆေး မော်ရင်ဟိုကို ပြန်ခေါ်ဖို့ အတော်လေး စိတ်အားထက်သန်နေကြပါတယ်။ တော့ပ် ဘိုလေနဲ့ အဂ်ဘာလီတို့ထဲက တယောက်ဟာ လာမယ့် ၁နှစ် (ဒါမှမဟုတ်) ၂နှစ် အတွင်းမှာ မော်ရင်ဟိုကို အသင်းဆီ ပြန်ခေါ်နိုင်ချေက အတော်လေး မြင့်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။