ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စပိန် အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းကနေ ထွက်ခွာဖို့ ရေပန်းစားနေတဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စား နေတဲ့ အသင်းတွေထဲ ပါဝင်လာကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်း ၇လကျော်သာ ကျန်ရှိတော့သူ ဖြစ်ပြီး လာမယ့် ဒီဇင်ဘာလအတွင်း မှာသာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိပါက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အခြား အသင်းတွေထံ ပြောင်းရွှေ့ဖို့ တရားဝင် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင်မယ့်သူလည်း ဖြစ်ပါတယ်။

Photo Credit: Marca

မက်ဆီဟာ သူ့ရဲ့ ကစားသမား ဘဝ တစ်ခုလုံးမှာ ဘာစီလိုနာ အသင်း၌သာ ကစားခဲ့သူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာတော့ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ကြိုးစားခဲ့ပြီး ဘာစီလိုနာ အသင်းဘက် ကသာ သူ့ကို ရောင်းချဖို့အတွက် မငြင်းဆန်ခဲ့ဘူး ဆိုရင် လက်ရှိ အချိန်မှာ မက်ဆီကို အခြား အသင်းတစ်သင်းမှာ မြင်တွေ့ ရမှာပါ။ ဘာစီလိုနာ အသင်းဟာ မက်ဆီကို အသင်းမှာ တစ်ရာသီ ဆက်လက် ထိန်းသိမ်း နိုင်ခဲ့ပေမယ့် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုအောင် စည်းရုံးနိုင်ခြင်း မရှိသေးသလို ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာလည်း မက်ဆီက သူဟာ ဘာစီလိုနာ အသင်းမှာ ဖြစ်နေတဲ့ ပြဿနာတိုင်းရဲ့ ပြဿနာကောင် အဖြစ် ပုံဖော် ခံနေရတဲ့ ဘဝကို စိတ်ပျက်နေပြီ လို့ ဖွင့်ဟ ထားခဲ့ပါတယ်။

Photo Credit: Marca

ဒါ့ကြောင့် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အသင်းကို စွန့်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီး စပိန်ဘောလုံး ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ဘယ်လာဂွီ ကတော့ မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ချယ်လ်ဆီးအသင်းလည်း ပါဝင် လာကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ မက်ဆီကို ခေါ်ယူဖို့ မကြာခဏ ဆိုသလို စိတ်ဝင်စားခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ပြီး မက်ဆီ ကိုယ်တိုင်ဟာလည်း ပရီးမီးယားလိဂ်မှာ သူပြောင်းရွှေ့ချင်တဲ့ အသင်းဟာ ချယ်လ်ဆီးအသင်း ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ဖူးတာကြောင့် မက်ဆီတစ်ယောက် ဘာစီလိုနာ အသင်းကနေ ထွက်ခွာချိန် မှာ ချယ်လ်ဆီးအသင်းထံ ရောက်ရှိသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။