ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ဂျာမန် အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်ကိစ္စ အဆင်မပြေ ဖြစ်နေတဲ့ ပြင်သစ် တောင်ပံ ကစားသမား ကိုးမန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပူလီဆစ် ၊ အိုဒွိုင်း ၊ ဇီရက်ဇ် စတဲ့ တောင်ပံ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် အိုဒွိုင်းနဲ့ ဇီရက်ဇ်တို့ဟာ ပုံမှန် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသလို ပူလီဆစ်ကလည်း ဒဏ်ရာလူသား ဖြစ်နေတာကြောင့် လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာ အသင်းအတွက် အားကိုးရမယ့် တောင်ပံ ကစားသမား တဦးကို ခေါ်ယူဖို့ ရည်ရွယ်ထားပါတယ်။

Photo Credit: The Sun

အသက် ၂၅နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ကိုးမန်းဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ကိုးမန်းကတော့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားပါတယ်။

လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုးမန်းရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆက်တိုက် ဆိုသလို တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အကယ်၍ ကိုးမန်းကသာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန် အထိ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိပါက ကိုးမန်းကို လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်သွားမယ်လို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အကြီးအကဲတွေက အတည်ပြုထားပါတယ်။

Photo Credit: The Sun

ဂျာမန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကိုးမန်းတို့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ ကိုးမန်းကသာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိပါက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့နဲ့ နွေရာသီ အပြောင်းအရွှေ့တို့မှာ ကိုးမန်းအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

တဖက်မှာတော့ ကိုးမန်းဟာ သူ့ရဲ့ ကစားသမား ဘဝ အတွက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေပြီး ဘိုင်ယန်မြူးနစ်အသင်း ကတော့ ကိုးမန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် အလိုရှိနေကြောင်း ကိုးမန်းနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။