ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ စီးရီးအေ ချန်ပီယံ အင်တာမီလန်အသင်းရဲ့ အဓိက တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ဒုတိယအကြိမ်မြောက် တရားဝင် ဆွေးနွေးမှုကို ယနေ့မှာပဲ ပြုလုပ်တော့မယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ အင်တာမီလန်အသင်းမှာ ခြေစွမ်းပြနေတဲ့ အသင်းရဲ့ တိုက်စစ်မှူးဟောင်း လူကာကူကို ခေါ်ယူဖို့ အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ယူရို ၁၁၀သန်း + အလွန်ဆို ဆိုတဲ့ ကမ်းလှမ်းမှု တခုကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ခဲ့ပေမယ့် အင်တာမီလန်အသင်း ကတော့ ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းဆိုသလို ပယ်ချခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ လူကာကူအတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့် ကမ်းလှမ်းဖို့ ပြင်ဆင်ခဲ့သလို လူကာကူနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိဖို့ကိုလည်း ယခုတပတ်အတွင်းမှာ အရှိန်မြှင့် ကြိုးစားခဲ့ပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းဟာ လူကာကူကို တနှစ် အသားတင် လုပ်ခလစာ ယူရို ၁၂သန်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့ကြောင်း နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပြီး လူကာကူရဲ့ အေးဂျင့်ကလည်း ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်း အတည်ပြုခဲ့ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ယနေ့မှာပဲ ချယ်လ်ဆီးအသင်းနဲ့ အင်တာမီလန်အသင်းတို့ဟာ လူကာကူရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေကာ ချယ်လ်ဆီးအသင်းဟာ လူကာကူ အတွက် ယူရို ၁၂၀သန်းထက် မနိမ့်တဲ့ ကမ်းလှမ်းမှု တခုကို ပြုလုပ်ဖွယ် ရှိကြောင်း သိရပါတယ်။

အင်္ဂလန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနကလည်း လူကာကူအတွက် ချယ်လ်ဆီးအသင်းက ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်တော့မယ် ဆိုတဲ့ သတင်းကို အတည်ပြု ပေးခဲ့ပြီး ချယ်လ်ဆီးအသင်းဘက်က လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၂သန်း (ယူရို၁၂၀သန်း) နဲ့ ကမ်းလှမ်းရင် အင်တာမီလန်အသင်းဟာ သဘောတူဖွယ် ရှိကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် ယခုတပတ်အတွင်းမှာပဲ ချယ်လ်ဆီးအသင်းဟာ လူကာကူရဲ့ အပြောင်းအရွှေ့ အတွက် အင်တာမီလန်အသင်းနဲ့ သဘောတူညီမှု ရဖို့ ရှိနေပါတယ်။