ချယ်လ်ဆီးအသင်းကတော့ ဒီနှစ်နွေစျေးကွက်အတွင်း ကစားသမားသစ်များစွာကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၆၀)လောက်နဲ့အထိ အသုံးပြုကာ ခေါ်ယူအားဖြည့်ထားခဲ့ပြီး လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပါ စိန်ခေါ်နိုင်အောင် ပြင်ဆင်ထားခဲ့ပေမယ့် လောလောဆယ်မှာတော့ ကစားသမားသစ်တွေထဲကမှ ကွင်းလယ်ကစားသမား ဟာကင်ဇီယက်ရှ်နဲ့ ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ်တို့နှစ်ယောက်က ဒဏ်ရာပြသာနာတွေကြောင့် ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို လွဲချော်ရဖွယ် ရှိလို့နေပါတယ်။

Photo Credit : Metro

အသက်(၂၇)နှစ်အရွှယ် မော်ရိုကိုလက်ရွေးစင် ကွင်းလယ်ကစားသမားဖြစ်သူ ဇီယက်ရှ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်း Amex ကွင်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ဘရိုက်တန်နဲ့ချယ်လ်ဆီးအသင်းတို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် စတင်ပါဝင်ကစားရင်း ဒူးဒဏ်ရာအနည်းငယ် ရရှိသွားခဲ့တာဖြစ်ပါတယ်။ သူရဲ့ဒဏ်ရာက ပြင်းထန်ခြင်းမရှိပေမယ့်လည်း လာမယ့်တနင်းလာနေ့မှာ ယှဉ်ပြိုင်ကစားသွားရတော့မယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ်ကိုတော့ လွဲချော်ရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Opera News

ဒါ့အပြင် လက်စတာစီးတီးအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နဲ့ ခေါ်ယူထားခဲ့တဲ့ ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ်ဟာလည်း ပြီးခဲ့တဲ့ရာသီကတည်းက သူ့ကို အနှောင့်အယှက်ပေးခဲ့တဲ့ ဖနောင့်ဒဏ်ရာကနေ အရှင်းမသက်သာနိုင်သေးတာကြောင့် ဇီယက်ရှ်နဲ့အတူ ဘရိုက်တန်နဲ့ပွဲကို လွဲချော်နိုင်ပါတယ်။ ဒါကြောင့် ဘယ်နောက်ခံနေရာမှာ မားကို့စ်အလွန်ဆိုကို ပြန်လည်သုံးစွဲရဖွယ် ရှိလို့နေပြီး ဇီယက်ရှ်နေရာမှာတော့ တိုက်ရိုက်အစားထိုးဖို့အတွက် ဝီလီယံရော ပတ်ဒရိုပါ အသင်းကနေ ထွက်ခွာသွားပြီဖြစ်လို့ အိုဒွိုင်း ဒါမှမဟုတ် မေဆန်မောင့်ကို အစားထိုးရဖွယ် ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ နွေစျေးကွက်အတွင်းမှာ လိုက်ပ်ဇ်တိုက်စစ်ကစားသမား တီမိုဝါနာ အေဂျက်စ်ကွင်းလယ်လူ ဟာကင်ဇီယက်ရှ် ပီအက်စ်ဂျီနောက်ခံလူ သီယာဂိုဆေးဗား နိုက်စ်နောက်ခံလူ မာလန်ဆားလ် လက်စတာဘယ်နောက်ခံလူ ဘင်ချီဝဲလ်နဲ့ လေဗာကူဆင်ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်းလ်ဟားဗက်ဇ်တို့ကို ခေါ်ယူအားဖြည့်ထားခဲ့ပြီးနောက် အသင်းက ကစားသမားတချို့ကို ပြန်လည်ရောင်းချသွားဖွယ် ရှိနေသလို နောက်ထပ်ကစားသမားသစ် ခေါ်ယူမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်ဖွယ် ရှိနေပါသေးတယ်။