ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီ အစပိုင်းမှာပဲ ရန်းစ်အသင်းရဲ့ ဂိုးသမားဖြစ်သူ အက်ဒွါမန်ဒီကို ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ အေစီမီလန်အသင်းရဲ့ အီတလီဂိုးသမား ဂျန်လူအီဂျီဒွန်နာရန်မာကိုပါ ဆက်လက်ခေါ်ယူသွားဖို့အထိပါ ထပ်မံကြိုးပမ်းလာခဲ့ပြီး ဒီနှစ်ဘောလုံးရာသီအကုန်မှာ မီလန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဒွန်နာရန်မာကို ခေါ်ယူနိုင်ဖို့အတွက် ချိတ်ဆက်မှုတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်းရဲ့ သတင်းအချက်အလက်တွေ ရေးသားလေ့ရှိတဲ့ ဘလော့ဂါတစ်ဦးဖြစ်သူ ဆီမွန်ဖီလစ်ရဲ့ဖော်ပြချက်တွေအရ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အီတလီဂိုးသမား ဒွန်နာရန်မာကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက်ရှိနေတယ်လို့ သိရပါတယ်။ အသက်(၂၁)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင် ဂိုးသမားဒွန်နာရန်မာဟာ မီလန်နဲ့ သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ အသင်းဘက်ကနေ သူ့ကို သက်တမ်းတိုးဖို့ ကြိုးပမ်းလျက်ရှိနေပေမယ့်လည်း လက်ရှိအချိန်ထိ စာချုပ်ကိစ္စက ကြန့်ကြာလို့နေပြီး ဒီအခြေအနေကိုလည်း ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ စောင့်ကြည့်လို့နေတာဖြစ်ပါတယ်။

Photo Credit : BeSoccer

အသက်(၁၆)နှစ်အရွှယ်ကနေစတင်ပြီး မီလန်အသင်းအတွက် ပွဲထွက်ကစားခွင့်တွေကို ရရှိခဲ့သူဖြစ်ပြီး အသင်းနဲ့ ပွဲထွက်ပြီးနောက်ပိုင်းမှာပဲ အီတလီလက်ရွေးစင်အသင်းအတွက်ကိုပါ ရွေးချယ်ခံခဲ့ရပါတယ်။ မီလန်အသင်းအတွက် ပွဲပေါင်းနှစ်ရာနီးပါးလောက်အထိကို ပါဝင်ကစားပေးထားနိုင်ခဲ့တဲ့ ဒွန်နာရန်မာဟာ နာမည်ကျော်အေးဂျင့်တစ်ဦးဖြစ်တဲ့ ရွိုင်အိုလာနဲ့ လက်တွဲလုပ်ကိုင်နေတာလည်းဖြစ်ပြီး အီတလီကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ တစ်နှစ်လုပ်ခလစာကို ပိုမိုတိုးမြှင့်ပေးဖို့အတွက် ကစားသမားဘက်က တောင်းဆိုထားမှုကို အသင်းဘက်ကနေ လိုက်လျောပေးသွားဖို့ မလွယ်ကူတာကြောင့် စာချုပ်သစ်ချုပ်ဆိုရေးက ကြန့်ကြာနေရတာလို့ သိရှိရပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ ဒွန်နာရန်မာကို အီတလီစီးရီးအေရဲ့ ထိပ်တန်းအသင်းများဖြစ်တဲ့ ဂျုဗင်တပ်စ်နဲ့ အင်တာမီလန်တို့အပြင် ပရီးမီးယားလိဂ် ထိပ်သီးအသင်း ချယ်လ်ဆီးကလည်း စောင့်ကြည့်လျက်ရှိနေသလို အသင်းရဲ့ အဓိကဂိုးသမား ဟူဂိုလိုရစ်ကို ဆုံးရှုံးရဖွယ် ရှိလို့နေတဲ့ စပါးအသင်းကလည်း ဒွန်နာရန်မာကို သေချာပေါက် ပစ်မှတ်ထားလာနိုင်ပါတယ်။ လက်ရှိမှာ တန်ကြေး ယူရိုသန်း(၆၀)လောက်ရှိနေတဲ့ ဒွန်နာရန်မာလို ကစားသမားမျိုးအတွက် တစ်ပြားတစ်ချပ်မှ မရရှိပဲ အလွတ်ထွက်ခွာခွင့် ပေးရမယ်ဆိုရင်တော့ မီလန်အသင်းအတွက် အတော်လေးကို ထိခိုက်နစ်နာမှာတော့ သေချာနေပါတယ်။