ချယ်လ်ဆီးအသင်းဟာ ဆောင်းဈေးကွက်အတွင်းမှာ ကစားသမား အားဖြည့်မှုတွေ ထပ်မံ လုပ်ဆောင်သွားဖို့ ပြင်ဆင်လျက် ရှိနေပြီး အခုလည်း အသင်း ခံစစ်ပိုင်းအတွက် မိုနာကိုအသင်းရဲ့ ဗဟိုခံစစ်ကစားသမား ဘာဒီအက်ရှီလီကို ပြောင်းရွှေ့ကြေး ယူရို(၃၅)သန်းဝန်းကျင်နဲ့ ခေါ်ယူသွားဖို့အတွက် ဆွေးနွေးနေတယ်လို့ ဗြိတိန်ရဲ့ နာမည်ကျော် သတင်းမီဒီယာ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : We Ain’t Got Not Histroy

နွေဈေးကွက်မှာတုန်းက ခံစစ်ပိုင်းအတွက် နာပိုလီခံစစ်မှူး ကူလီဘလီ ၊ လက်စတာခံစစ်မှူး ဖိုဖာနာနဲ့ ဘယ်ခြမ်းခံစစ်ကစားသမား ကူကူရယ်လာတို့အတွက် ပြောင်းရွှေ့ကြေး ယူရို(၁၈၃)သန်းအထိ သုံးစွဲထားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အခုလည်း ဗဟိုခံစစ်နေရာအတွက် မိုနာကိုခံစစ်မှူး ဘာဒီအက်ရှီလီကိုပါ အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ centre-back မှာ ဝါရင့် ကစားသမားကြီး သီယာဂိုဆေးလ်ဗားအပြင် ကစားသမားသစ်တွေဖြစ်တဲ့ ကူလီဘလီ ဖိုဖာနာတို့ ရှိနေပြီး အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား ချာလိုဘာလည်း ရှိနေပါတယ်။

Photo Credit : SportMob

ဒါပေမယ့် လက်စတာကနေ ယူရိုသန်း(၈၀)နဲ့ ခေါ်ယူထားခဲ့တဲ့ ဝက်စလေဖိုဖာနာဟာ ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်နေရပြီး သီယာဂိုဆေးလ်ဗားဟာလည်း လာမယ့်နှစ် နွေဈေးကွက်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဗဟိုခံစစ်နေရာအတွက် ဘာဒီအက်ရှီလီကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘယ်ခြေအားသန်တဲ့ ဗဟိုခံစစ် ကစားသမားလေးတစ်ဦးဖြစ်ပြီး အရပ်အမောင်း မြင့်မားကာ ဒီရာသီ မိုနာကိုအသင်းအတွက်ကိုလည်း ပြိုင်ပွဲစုံ (၁၆)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ မိုနာကို လူငယ်အသင်းကနေ စီနီယာအသင်းရဲ့ အဓိက ကစားသမားအထိပါ ဖြစ်လာခဲ့ရတဲ့ ဘာဒီအက်ရှီလီဟာ သူရဲ့ ခံစစ်အရည်အသွေးတွေကြောင့် ဥရောပထိပ်တန်း ကလပ်အသင်းတွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့ရပြီး အခုလည်း ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးအသင်းကပါ သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်လာခဲ့ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးဟာ ဘာဒီအက်ရှီလီအတွက် ပြောင်းရွှေ့ကြေး ယူရို(၃၅)သန်းဝန်းကျင်နဲ့ ကမ်းလှမ်းသွားဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေပြီး ဘာ သဘောတူညီချက်မှ မရရှိသေးပေမယ့်လည်း ဆွေးနွေးမှုကတော့ ဆက်လက် လုပ်ဆောင်နေသေးတယ်လို့ The Athletic သတင်းမီဒီယာရဲ့ အားအထားရဆုံး သတင်းထောက် ဒေးဗစ်အွန်စတိန်းက ဖော်ပြလာခဲ့ပါတယ်။