ဒီနှစ်နွေမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာတောင်းဆိုထားပြီး ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့သွားဖို့ ဆန္ဒရှိနေတဲ့ ပိုလန်တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးဟာ သူရဲ့ဆန္ဒအတိုင်း ဘာစီလိုနာကို ပြောင်းရွှေ့ဖို့က ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် ခဲယဉ်းနေရပြီး ဒီအချိန်မှာလည်း လီဝန်ဒေါစကီးရဲ့ အခြေအနေကို ချယ်လ်ဆီးအသင်းဘက်ကပါ စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

ဘိုင်ယန်နဲ့ သူရဲ့ ဇာတ်လမ်းက ဒီနှစ်နွေမှာ တစ်ခန်းရပ်သွားပြီလို့ အတိအလင်း ကြေညာထားခဲ့တဲ့ လီဝန်ဒေါစကီးဟာ သူရဲ့နောက်ထပ် အသင်းသစ်အဖြစ် လာလီဂါထိပ်သီး အသင်းကြီး ဘာစီလိုနာကို ရွေးချယ်ထားခဲ့သလို ဘာစီလိုနာကလည်း ပိုလန်ဂိုးသွင်းစက်ကြီး လီဝန်ဒေါစကီးကို လိုချင်နေပေမယ့် လီဝန်ဒေါစကီးက ဘိုင်ယန်နဲ့ တစ်နှစ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်လို့ ဘိုင်ယန်ဘက်က သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို သူတို့ အလိုရှိသလောက် သတ်မှတ်နိုင်တဲ့အပြင် တကယ်လို့ သူတို့ သတ်မှတ်တဲ့အတိုင်း ဘာစီလိုနာဘက်က မကမ်းလှမ်းနိုင်ရင်တောင် အသင်းမှာ တစ်နှစ် ဆက်ထားပြီး စာချုပ်ပြည့်ချိန်မှသာ အလွတ်နဲ့ ဆုံးရှုံးခံမယ့် အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။

Lewandowski in action against Belgium in the UEFA Nations League

Photo Credit : The Sun

ဒီအခြေအနေမှာ ဘာစီလိုနာအနေနဲ့ လီဝန်ဒေါစကီးအတွက် ဘိုင်ယန်ဘက်က သတ်မှတ်လာမယ့် ပြောင်းရွှေ့ကြေးမျိုးအတိုင်း ကမ်းလှမ်းဖို့က ခက်ခဲနေတာဖြစ်လို့ ကစားသမား တစ်ဦးဦးနဲ့ အလိုက်ပေး ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပေမယ့် ဘိုင်ယန်ကတော့ ပြောင်းရွှေ့ကြေးသက်သက်သာ လက်ခံဖွယ် ရှိနေပါတယ်။ ဒီအချိန်မှာ လူကာကူကို အင်တာမီလန်အသင်းဆီ ပြန်လည်ပို့ဆောင်သွားဖို့ ရှိနေတဲ့ ချယ်လ်ဆီးအသင်းက လစ်လပ်သွားမယ့် အထောင်တိုက်စစ်နေရာအတွက် သူတို့ရဲ့ ပစ်မှတ်ဟောင်းဖြစ်သူ လီဝန်ဒေါစကီးကို ပြန်လည်ချိန်ရွှယ်လာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်နေရာအတွက် အူစမန်ဒမ်ဘီလီ ရာဟင်စတာလင်တို့လို ထိပ်တန်းကစားသမားတွေကို ပစ်မှတ်ထားခဲ့ပေမယ့် ဒီကစားသမားတွေက No.(9) Role မှာ ကစားကြသူတွေမဟုတ်လို့ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်ကစားသမားလို့ပါ တင်စားခေါ်ဆိုခံရဖူးတဲ့ လီဝန်ဒေါစကီးကိုသာ လူကာကူရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာဆီကနေ ကြားဖြတ် ခေါ်ယူဖွယ် ရှိလာနိုင်ပါတယ်။