လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေ အားကောင်းနေတဲ့ ချယ်လ်ဆီးအသင်းကတော့ တိုက်စစ်ပိုင်းအတွက်ကိုပဲ တီမိုဝါနာ ဟာကင်ဇီယက်ရှ်တို့ကို ခေါ်ယူထားခဲ့ရပြီး ခံစစ်ပိုင်းအတွက် ပြင်ဆင်မှုတွေ မလုပ်ဆောင်ရသေးတာကြောင့် ခံစစ်ပိုင်းနဲ့ဂိုးသမားတို့အတွက် ကစားသမားသစ်တွေကို လိုက်လံရှာဖွေလျက်ရှိနေရာ လက်ရှိအချိန်မှာတော့ သူတို့အမှန်တကယ်ကို လိုအပ်နေတဲ့ ဘယ်နောက်ခံနေရာအတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံအစွန်လူ ဆာဂျီယိုရယ်ဂီလွန်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပြီလို့ သိရှိရပါတယ်။

Photo Credit : The Chelsea Chronicle

အသက်(၂၃)နှစ်အရွှယ်ရှိ စပိန်ဘယ်နောက်ခံကစားသမား ရယ်ဂီလွန်ဟာ မက်ဒရစ်အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ ဆီဗီလာအသင်းမှာ တစ်ရာသီအငှားစာချုပ်နဲ့ ပါဝင်ကစားခဲ့ပါတယ်။ ရယ်ဂီလွန်ဟာ စပိန်နဲ့ ရီးရဲလ်နည်းပြဟောင်း လိုပက်တယ်လီ ကိုင်တွယ်နေတဲ့ ဆီဗီလာအသင်းရဲ့ နောက်ခံဘယ်အစွန်နေရာမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး သူရဲ့Key Passes တွေက အသင်းအတွက် အတော်လေးကို အကျိုးရှိစေခဲ့တာကြောင့် သူ့ကို ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက် အင်တာမီလန်နဲ့ အဲဗာတန်အသင်းတို့ကပါ ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားလာခဲ့ရပါတယ်။

Photo Credit : Cheslea News

ချယ်လ်ဆီးအသင်းကလည်း နွေစျေးကွက်မတိုင်ခင်ကတည်းက ဘယ်နောက်ခံနေရာအတွက်ကို ကစားသမားများစွာနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်နေခဲ့တဲ့ လက်စတာအသင်းရဲ့ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကိုလည်း လက်စတာဘက်ကနေ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၈၀)အထိ သတ်မှတ်ခဲ့လို့ ခေါ်ယူဖို့က မဖြစ်နိုင်ခဲ့တာကြောင့် ပေါ်တိုနောက်ခံလူ အဲလက်စ်တဲလက်စ် အေဂျက်စ်နောက်ခံလူ တာဂလီယာဗီဂိုတို့ကို ပြောင်းလဲပစ်မှတ်ထားခဲ့ပေမယ့်လည်း မအောင်မြင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အခုနောက်ပိုင်းမှာ ရယ်ဂီလွန်ကို ချယ်လ်ဆီးဘက်ကနေ ပိုမိုပစ်မှတ်ထားလာခဲ့ရတာဖြစ်ပြီး အခုဆိုရင်လည်း ဒီကစားသမားကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့ရာ တိုးတတ်ကောင်းမွန်နေပြီဖြစ်ပြီး ပေါင်(၂၂.၅)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖွယ် ရှိနေသလို တစ်ရာသီအငှားနဲ့ အရင်ခေါ်ယူပြီး အငှားပြည့်မှ အပြီးသတ်ခေါ်ယူဖွယ်လည်း ရှိနေပါတယ်။ ရယ်ဂီလွန်ကို အဲဗာတန်အသင်းဘက်ကနေလည်း စိတ်ဝင်စားလျက်ရှိနေပြီး ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်တဲ့ လေတန်ဘိန်းစ်ရဲ့နေရာမှာ အစားထိုးချင်နေတာဖြစ်သလို သူ့ကို အငှားနဲ့ ခေါ်ယူထားတဲ့ ဆီဗီလာအသင်းကလည်း အပြီးသတ်ခေါ်ယူချင်နေပေမယ့် ရယ်ဂီလွန်ကတော့ ချယ်လ်ဆီးကိုပဲ ရွေးချယ်ဖွယ်ရှိနေပါတယ်။