MySport Myanmar

ဒီယေဂိုကော်စတာကို ခေါ်ယူသွားဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စားနေတဲ့ ဘာမင်ဂမ်အသင်း

လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်စီးတီးအသင်းကို ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမားဟောင်း မက်ဆီလိုပက်ဇ်က ဝယ်ယူသွားဖို့ စီစဉ်လျက် ရှိနေပြီး တကယ်လို့သာ ဘာမင်ဂမ်အသင်းကို ဝယ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းအတွက် ကစားသမား အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေရာ လတ်တလောမှာတော့ ချယ်လ်ဆီး ကစားသမားဟောင်းကြီး ဒီယေဂိုကော်စတာကို စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၃၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမားကြီး ကော်စတာဟာ ဘရာဇီးလ်ကလပ် အသက်လက်တီကိုမင်နဲရိုးအသင်းနဲ့ ဆုဖလား(၂)ခုထိ ရယူခဲ့ပြီးမှ အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် အခုဆို free agent ကစားသမား ဖြစ်နေရပါတယ်။ ကော်စတာဟာ အသက်လက်တီကို ချယ်လ်ဆီးအသင်းတွေနဲ့ အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့တဲ့ ဝါရင့်ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတာကြောင့် သူ့ကို ခေါ်ယူချင်တဲ့ အသင်းအနေနဲ့ ကစားသမားရဲ့ လစာပိုင်းကိုသာ အဆင်ပြေအောင် လုပ်ဆောင်နိုင်မယ်ဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

Photo Credit : Football Espana

အခုလို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ဒီယေဂိုကော်စတာကို ဘာမင်ဂမ်အသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့တယ်လို့ The Sun နဲ့ Daily Mail တို့လို ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ချန်ပီယံရှစ်ကနေ လိဂ်ဝမ်းပြိုင်ပွဲဆီ တန်းမဆင်းသွားရအောင် ရုန်းကန်ထားခဲ့ရတဲ့ ဘာမင်ဂမ်အသင်းကို မက်ဆီလိုပက်ဇ်နဲ့ လုပ်ငန်းတူ လုပ်ကိုင်ကြမယ့် လုပ်ငန်းရှင်နှစ်ဦးတို့က ရင်းနှီးမြှပ်နှံသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး တကယ်လို့ အသင်းဝယ်ယူမှုသာ အထမြောက်သွားခဲ့မယ်ဆိုရင် အသင်းရဲ့ လက်ရှိလူစာရင်းကို ပိုမိုတောင့်တင်းလာအောင်ပါ လုပ်ဆောင်သွားချင်နေတာ ဖြစ်ပါတယ်။ လိုပက်ဇ်တို့ ခေါ်ယူသွားဖို့့ ပစ်မှတ်ထားနေတဲ့ အထဲမှာ ကော်စတာလည်း ပါဝင်လို့နေပြီး ဘာမင်ဂမ်အသင်းအတွက်ကိုလည်း နည်းပြသစ် ခန့်အပ်သွားဖို့အထိပါ လုပ်ဆောင်ပေးဖွယ် ရှိနေပါတယ်။ အသက်(၃၈)နှစ်အရွှယ်ရှိ အာဂျင်တီးနား ဘောလုံးသမားဟောင်း မက်ဆီလိုပက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၅ခုနှစ်ကနေ ၂ဝဝရခုနှစ်အထိ ပါဝင်ကစားခဲ့ဖူးသလို ဘောလုံးသမားဘဝက အနားယူကြောင်းကို ပြီးခဲ့တဲ့နှစ်ကမှ တရားဝင် ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

Exit mobile version