နာမည်ကျော် ကိုရီးယား ကားထုတ်လုပ်ရေး ကုမ္ပဏီတခု ဖြစ်တဲ့ Hyundai ကုမ္ပဏီဟာ အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးနဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်ကို ဖျက်သိမ်းလိုက်ကြောင်း ယနေ့မနက် အစောပိုင်းမှာပဲ တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

Hyundai ကုမ္ပဏီဟာ ချယ်လ်ဆီးရဲ့ ဝတ်စုံ လက်မောင်းနေရာကို စပွန်ဆာ ပေးထားတဲ့ ကုမ္ပဏီတခု ဖြစ်ပြီး Hyundaiနဲ့ ချယ်လ်ဆီးတို့ရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်အရ ချယ်လ်ဆီးက တနှစ်ကို ပေါင် ၁၀သန်း အထိ ရရှိနေတာပဲ ဖြစ်ပါတယ်။

Photo Credit: MSN

ယခုအချိန်မှာတော့ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် ဗြိတိန်အစိုးရက ပူတင်နဲ့ နီးစပ်တဲ့ ချယ်လ်ဆီးပိုင်ရှင် ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ချ် အပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့သလို ချယ်လ်ဆီးနဲ့ လက်တွဲ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကိုလည်း ချုပ်ဆိုထားတဲ့ စာချုပ်တွေ ဖျက်သိမ်းကြဖို့ တိုက်တွန်းမှုတွေ ရှိလာခဲ့ပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ အဓိက စပွန်ဆာ ကုမ္ပဏီတခု ဖြစ်တဲ့ Three Telecom Companyက ချယ်လ်ဆီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့သလို ယခုတကြိမ်မှာလည်း Hyundai ကုမ္ပဏီက သူတို့နဲ့ ချယ်လ်ဆီးရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ကို ဖျက်သိမ်းပစ်လိုက်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Photo Credit: MSN

Hyundaiရဲ့ ထုတ်ပြန် ကြေညာချက်မှာတော့ သူတို့ဟာ အားကစားလောကကို ထောက်ပံ့ ကူညီမှုတွေ လုပ်နေပေမယ့် ရုရှားရဲ့ လုပ်ရပ်တွေကို ဆန့်ကျင် ကန့်ကွက်ကြောင်း ပြသချင်တာကြောင့် ချယ်လ်ဆီးနဲ့ သူတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ကြောင်း ပါဝင်ပါတယ်။

Hyundaiက – “ကျွန်တော်တို့ ကုမ္ပဏီဟာ အားကစားဆိုင်ရာ လှုပ်ရှားမှုတွေကို အတော်လေး အားပေးတဲ့ ကုမ္ပဏီတခု ဖြစ်သလို အားကစား လောကထဲမှာ ထဲထဲဝင်ဝင် ပါဝင်နေတာလည်း ကြာမြင့်နေပါပြီ။ ကျွန်တော်တို့ရဲ့ ချယ်လ်ဆီးကို ထောက်ပံ့ ကူညီမှုတွေ လုပ်ခဲ့တဲ့ ကာလအတွင်းမှာလည်း ကစားသမားတွေရဲ့ အောင်မြင်မှုတွေ ၊ ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် လတ်တလောမှာ ဖြစ်နေတဲ့ အခြေအနေတွေကြောင့် ချယ်လ်ဆီးနဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေကို ရပ်တန့်လိုက်ပါတယ်။ ရှေ့ဆက်ပြီး လုပ်ဆောင်သွားမယ့် အရာတွေကို ထပ်မံ အသိပေးသွားပါမယ်” လို့ ထုတ်ပြန် ကြေညာထားတာပါ။