ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ အတောင့်တင်းဆုံး လူစာရင်းကို ပိုင်ဆိုင်နိုင်စေဖို့ အတွက် လေဗာကူဆင်အသင်းရဲ့ လူငယ် ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟားဗက် နဲ့ ဝက်စ်ဟမ်းအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ် တို့ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မယ် လို့ အင်္ဂလန် သတင်းမီဒီယာတွေက ဖော်ပြသွားကြပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိ အချိန်မှာ တီမိုဝါနာနဲ့ ဇီရက်စ်တို့ကို သူတို့အသင်းရဲ့ လူစာရင်းထဲ ပေါင်းထည့်ထားနိုင်ပေမယ့် ကျေနပ်ခြင်း မရှိသေးပဲ တိုက်စစ်ပိုင်း အတွက် ကစားသမားတစ်ဦး ၊ ကွင်းလယ်ခံစစ် အတွက် ကစားသမားတစ်ဦးနဲ့ ဘယ်ခြမ်းခံစစ် အတွက် ကစားသမားတစ်ဦးတို့ကို ထပ်မံ ခေါ်ယူ လိုနေပါတယ်။

Photo Credit: Daily Mail

လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ ချယ်လ်ဆီးအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတဲ့ လေဗာကူဆင်အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟားဗက် နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုမှာ ဖြစ်တယ် လို့ သိရပါတယ်။ Sky Sports သတင်းဌာနကလည်း ချယ်လ်ဆီးအသင်းဟာ ဟားဗက်ရဲ့ ပြောင်းရွှေ့ကြေးအတွက် လေဗာကူဆင်အသင်းနဲ့ ဆွေးနွေးရာမှာ အောင်မြင်မှုတွေ ရရှိနေပြီး စုစုပေါင်း တန်ကြေး ပေါင်၉၀သန်း ဝန်းကျင် ရှိတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ကိုင် ဟားဗက်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ဖော်ပြထားခဲ့ပါတယ်။

Photo Credit: Daily Mail

ဒါ့အပြင် Sky Sports သတင်းဌာနရဲ့ အဆိုအရ ချယ်လ်ဆီိးအသင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ် ခံစစ် ကစားသမား ဒီကလန်ရိုက်စ် ကို ခေါ်ယူဖို့ အတွက် တရားဝင် စတင်ကမ်းလှမ်းတော့မယ်လို့ သိရပြီး ပြောင်းရွှေ့ကြေး ပေါင် ၅၀ သန်းနဲ့ စတင်ကမ်းလှမ်းမယ် လို့လည်း သိထားရပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းအသင်း ကတော့ ဒီကလန်ရိုက်စ်အတွက် ချယ်လ်ဆီးအသင်းကနေ ကမ်းလှမ်းထားတဲ့ ကမ်းလှမ်းမှုကို မရရှိသေးဘူး လို့ ငြင်းဆို ထားခဲ့ပါတယ်။ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေ ကတော့ ချယ်လ်ဆီးအသင်းဟာ ဒီကလန်ရိုက်စ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဦးစွာ ဆွေးနွေးနေပြီး ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိမှသာ ဝက်စ်ဟမ်းအသင်းထံကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်မယ်လို့ ဖော်ပြထားကြပါတယ်။