ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟားဗက်ကို ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်နေတဲ့ အနေအထား တစ်ရပ် ကို ပိုင်ဆိုင်နေတယ်လို့ သိရပါတယ်။ ဂျာမဏီ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ လေဗာကူဆင်အသင်း က ကိုင်ဟားဗက်အတွက် တောင်းဆိုထားတဲ့ ယူရို ၁၀၀သန်းကို အပိုဆုကြေးတွေနဲ့ ပေါင်းကာ ပြည့်မှီစေရန် ကြိုးစား ကမ်းလှမ်းခဲ့တယ် လို့ သိရပြီး လက်ရှိမှာတော့ လေဗာကူဆင် အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှု ကို လက်ခံသွားဖို့ ရှိနေပါတယ်။

Photo Credit: World Sports Tale

ဂျာမန်နာမည်ကြီး သတင်းဌာနဖြစ်တဲ့ BILD ရဲ့ ဖော်ပြချက်အရ လေဗာကူဆင်အသင်းဟာ ဟားဗက်အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၁၀၀ သန်း အလိုရှိနေခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီး အသင်းဘက်ကတော့ ယူရို၁၀၀သန်းကို အပြည့် ပေးချေဖို့ ဆန္ဒမရှိပေမယ့် ပွဲကစားခွင့်တွေ ၊ ဆုဖလားရရှိမှုတွေ ၊ တစ်ဦးချင်းဆုတံဆိပ် ရရှိမှုတွေ အပေါ် မူတည်ပြီး အပိုဆုကြေးတွေ ပေးချေကာ စုစုပေါင်း ပြောင်းရွှေ့အကြေးကို ယူရို၁၀၀ သန်း ပြည့်မှီစေရန် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဂျာမန်သတင်းထောက်တွေကတော့ ချယ်လ်ဆီးအသင်းဟာ ဟားဗက်အတွက် အသားတင် ပြောင်းရွှေ့ကြေး ယူရို၈၀သန်းခန့် ကို လေဗာကူဆင်အသင်းထံ ပေးချေရမှာ ဖြစ်ပြီး နောက်ထပ် ယူရို၂၀သန်း ဝန်းကျင် ရှိတဲ့ ငွေပမာဏကိုတော့ ဆုကြေးတွေအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တယ် လို့ ခန့်မှန်းထားပါတယ်။

Photo Credit: World Sports Tale

ဒါ့အပြင် နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ Kicker သတင်းဌာနရဲ့ ဖော်ပြမှုအရ ဟားဗက်ဟာလည်း ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ကနဦးမှာ ဂျာမန် အင်အားကြီး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာလည်း ချယ်လ်ဆီးအသင်းနဲ့ အပြိုင် ဟားဗက်ကို ခေါ်ယူဖို့အတွက် ကြိုးစားခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ဂျာမဏီမြေမှာ ဆက်ပြီး ရှိနေဖို့ထက် ပရီးမီးယားလိဂ်ကိုသာ ပြောင်းရွှေ့လိုတာကြောင့် ချယ်လ်ဆီးအသင်း ထံကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သတင်းတွေအရ ကိုင်ဟားဗက်ဟာ လေဗာကူဆင်အသင်းမှာ ယူရိုပါလိဂ်ပြိုင်ပွဲ ပြီးဆုံးချိန် အထိ ဆက်လက် ရှိနေမှာ ဖြစ်တာကြောင့် ဟားဗက်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အပြောင်းအရွှေ့ ကို စက်တင်ဘာလရောက်မှသာ အပြီးသတ်နိုင် မယ့် အနေအထားမှာ ရှိပါတယ်။