ချယ်လ်ဆီးအသင်းဟာ ဆီဗီလာအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ဂျူးစ်ခွန်ဒဲကို ခေါ်ယူဖို့အတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ပြောင်းရွှေ့ကြေး ယူရို(၅၅)သန်းနဲ့ ကမ်းလှမ်းထားခဲ့ပေမယ့် ဒီကမ်းလှမ်းချက်ကို ဆီဗီလာအသင်းက ပယ်ချထားခဲ့တာကြောင့် ချယ်လ်ဆီးဘက်က နောက်ထပ် ကမ်းလှမ်းမှုတစ်ရပ်နဲ့ မကြာခင်မှာပဲ ထပ်မံ လုပ်ဆောင်သွားဦးမှာ ဖြစ်တယ်လို့ အသိပေးသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

ချယ်လ်ဆီးအသင်းဟာ နွေဈေးကွက်အတွင်း ရူဒီဂါ ခရစ္စတန်ဆန်တို့လို ခံစစ်ကစားသမားတွေကို လက်လွတ်ထားခဲ့ရတာကြောင့် ခံစစ်ပိုင်း ပြန်လည်ဖြည့်တင်းဖို့အတွက် နာပိုလီ ခံစစ်မှူး ကူလီဘလီကို ခေါ်ယူထားခဲ့ရသလို နောက်ထပ် center-back တစ်ဦးကိုပါ ထပ်မံ ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ကူလီဘလီကို ခေါ်ယူထားခဲ့ပြီးနောက် နောက်ထပ် ခံစစ်မှူးတစ်ဦးအဖြစ် နေသန်အကီ ကင်ပမ်ဘေနဲ့ ခွန်ဒဲတို့ကို ဆက်လက် ပစ်မှတ်ထားလာခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ပစ်မှတ်ဟောင်းဖြစ်သူ ခွန်ဒဲကို ခေါ်ယူဖို့ ဦးစားပေး ကြိုးပမ်းလာခဲ့ပြီး ကမ်းလှမ်းမှုတွေကိုလည်း ဆက်တိုက် လုပ်ဆောင်လာခဲ့ပါတယ်။

Report: Sevilla's Jules Kounde 'Will' Be a Chelsea Player - Sports  Illustrated Chelsea FC News, Analysis and More

Photo Credit : Sport Illustrated

ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ခွန်ဒဲကို ချယ်လ်ဆီးအသင်းသာမကပဲ ဘာစီလိုနာအသင်းကလည်း အလိုရှိနေခဲ့ပြီး လတ်တလောမှာပါ ခွန်ဒဲနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့သတင်း မျိုးစုံကို ထွက်ပေါ်နေခဲ့ရပါတယ်။ ခိုင်မာမှုရှိတဲ့ အပြောင်းအရွှေ့သတင်းတွေကိုသာ စုစည်းဖော်ပြတတ်တဲ့ စပယ်ရှယ် ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရတော့ ချယ်လ်ဆီးဟာ ခွန်ဒဲအတွက် ပြောင်းရွှေ့ကြေး+အပိုဆုကြေး ယူရို(၅၅)သန်းနဲ့ ကမ်းလှမ်းခဲ့ရာ ဒီကမ်းလှမ်းမှုကို ဆီဗီလာက ငြင်းဆန်ခဲ့တာကြောင့် နောက်ထပ် (၂၄)နာရီအတွင်းမှာပဲ နောက်ထပ် ကမ်းလှမ်းမှုအသစ်တစ်ရပ်နဲ့ ထပ်မံ ကမ်းလှမ်းလာမယ်လို့ ချယ်လ်ဆီးအသင်းက ဆီဗီလာဘက်ကို အသိပေး အကြောင်းကြားသွားခဲ့ကြောင်း ဖော်ပြလာခဲ့ပါတယ်။ လက်ရှိမှာ ဘာစီလိုနာနည်းပြ ဇာဗီဟာလည်း ခွန်ဒဲကို ခေါ်ယူနိုင်ဖို့ တွန်းအားပေး လုပ်ဆောင်လျက် ရှိနေပြီး ခွန်ဒဲဘက်ကတော့ ချယ်လ်ဆီးနဲ့ရော ဘာစီလိုနာအသင်းနဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဆီဗီလာအသင်းကတော့ အသင်းရဲ့ ခံစစ်ပိုင်းမှာ ဒီယေဂိုကားလို့စ်ကို ဆုံးရှုံးထားတဲ့အတွက် နောက်ထပ် CB တစ်ဦးဖြစ်တဲ့ ခွန်ဒဲကို အသင်းကနေ အလွယ်တကူ မဆုံးရှုံးချင်ပဲ ပြောင်းရွှေ့ကြေး ယူရို(၆၅)သန်းလောက် ရရှိမှသာ လက်လွတ်သွားဖွယ် ရှိနေပါတယ်။