ချယ်လ်ဆီးအသင်းဟာ လတ်တလောမှာ အသင်းရဲ့တိုက်စစ်ပိုင်းနဲ့ ဗဟိုခံစစ်အပိုင်းတို့အတွက် ထိပ်တန်းကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ ခွန်ဒဲတို့ကို ပစ်မှတ်ထားလျက်ရှိနေတာဖြစ်ပြီး ကနဦးပိုင်းမှာက ခွန်ဒဲကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆီဗီလာအသင်းဘက်ကနေ သူတို့အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ကမ်းလှမ်းလာမှသာ လက်ခံမယ်ဆိုတဲ့ ပုံစံဖြစ်လာခဲ့တာကြောင့် ချယ်လ်ဆီးဘက်ကသာ ခွန်ဒဲကို လက်လျှော့လိုက်ရမယ်ဆိုရင် နောက်ထပ် ပစ်မှတ်ထားလာသင့်တဲ့ ခံစစ်မှူး(၃)ယောက်ကို ဖော်ပြပေးသွားချင်ပါတယ်။

ဘိုတန်

Photo Credit : Sky Sport

အမှန်တကယ်ကတော့ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က အသင်းရဲ့ခံစစ်ပိုင်းအတွက် ခွန်ဒဲလို လူငယ်ကစားသမားမျိုးကိုသာ အလိုရှိနေတာဖြစ်ပြီး အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နောက်ခံလူကိုသာ အလိုရှိတယ်ဆိုရင် ဂျရုန်းဘိုတန်ကို အရခေါ်သင့်ပါတယ်။ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံလည်း ရှိဖူးသလို တူဟယ်လ်နဲ့ တစ်နိုင်ငံသားလည်း ဖြစ်နေတဲ့အပြင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ပါ ခေါ်ယူနိုင်မှာဖြစ်လို့ ဒီဘိုင်ယန်နောက်ခံလူဟောင်းကြီးကို သေချာပေါက် ချိန်ရွှယ်ထားသင့်တယ်လို့ ထင်မိပါတယ်။

ပါအူတောရက်စ်

Photo Credit : The Real Champs

လာလီဂါမှာ ခွန်ဒဲနဲ့အတူ ဥရောပ ထိပ်တန်းကလပ်အသင်းတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ရတဲ့ ယူရိုပါလိဂ် ချန်ပီယံဆုရှင် ပါအူတောရက်စ်ကလည်း ချယ်လ်ဆီးပစ်မှတ်ထားသင့်တဲ့ နောက်ခံလူတစ်ဦးပါ။ ခံစစ်အရည်အသွေးကောင်းတွေ ရှိနေပြီးတော့ ချယ်လ်ဆီးလိုချင်နေတဲ့ ခွန်ဒဲထက်လည်း တန်ကြေးနည်းပါးသူဖြစ်ပြီး လက်ရှိတန်ကြေးအရဆိုရင် ပေါင်သန်း(၅၀)ဝန်းကျင်ခန့်သာ ရှိလို့နေပါတယ်။ ဒီကစားသမားကိုတော့ ရီးယဲလ်အသင်းဘက်ကလည်း ပစ်မှတ်ထားလို့နေပြီး ကစားသမားကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားရဖို့အတွက် အသင်းပြောင်းချင်နေပါတယ်။

တာကောစကီး

Photo Credit : The Times

ဒီအင်္ဂလန်နောက်ခံလူက အင်္ဂလန်ကစားသမားတွေရဲ့ ထုံးစံအတိုင်း ကြေးအရမ်းကြီးခဲ့တဲ့သူ ဖြစ်ခဲ့ဖူးတယ်ဆိုပေမယ့် လက်ရှိမှာ ကစားသမားရဲ့ စာချုပ်သက်တမ်းက တစ်နှစ်လောက်ပဲ ကျန်ရှိနေတော့တာမို့ Cut-price နဲ့ ရရှိနိုင်မယ့် အခွင့်အရေးမျိုးပါ။ အရည်အသွေးရှိတဲ့ နောက်ခံလူတစ်ဦးလည်း လိုချင်မယ် လူကာကူကို ခေါ်ယူရာမှာလည်း ပြောင်းရွှေ့ကြေးကို စိတ်တိုင်းကျ သုံးစွဲချင်တယ်ဆိုရင်တော့ တာကောစကီးက ချယ်လ်ဆီးအတွက် အသင့်တော်ဆုံးလို့ မြင်မိပါတယ်။ ဒီကစားသမားအတွက် ပေါင်သန်း(၂၀)လောက်နဲ့တောင် ခေါ်ယူနိုင်မယ့် အနေအထားမျိုး ရှိနေပါတယ်။