ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဥရောပ ချန်ပီယံလိဂ်ဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာပါ အောင်မြင်မှုတွေကို ထပ်မံရယူသွားဖို့အတွက် နွေစျေးကွက်အတွင်း ကစားသမားသစ် အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်လျက်ရှိနေရာ လတ်တလောမှာတော့ ရန်းစ်အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့အတွက် ရန်းစ်အသင်း တာဝန်ရှိသူတွေနဲ့ပါ ဆွေးနွေးနေပြီလို့ သိရပါတယ်။

Photo Credit : Football Transfer

အသက်(၁၈)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက် လူငယ်ကစားသမားလေး ကာမာဗင်ဂါဟာ ရန်းစ်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ ရန်းစ်စီနီယာအသင်းကြီးနဲ့ ပွဲထွက်ခွင့်ရခဲ့သလို တစ်နှစ်လောက်အကြာမှာပဲ ပြင်သစ်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရပါတယ်။ ရန်းစ်အသင်းအတွက် (၂)ရာသီဆက်တိုက် ပြိုင်ပွဲစုံပွဲပေါင်းများစွာ ပါဝင်ကစားနိုင်ခဲ့တဲ့ ကာမာဗင်ဂါဟာ လက်ရှိမှာတော့ ရန်းစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိနေတော့တာဖြစ်ပြီး သူ့ဘက်ကလည်း အသင်းနဲ့ သက်တမ်းတိုးတော့မှာ မဟုတ်တဲ့အတွက် ဒီနွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်သွားရတော့မှာဖြစ်ပါတယ်။

Photo Credit : Manchester Evening News

ဒီလို အနာဂတ် မရေမရာ ဖြစ်လာခဲ့ရတဲ့ ကာမာဗင်ဂါကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားလာခဲ့ကြပြီး ဒီအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ ကာမာဗင်ဂါနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ကြားမှာ အပြောင်းအရွေ့ ကောလဟာလသတင်းတွေ ဆက်တိုက်ထွက်ပေါ်လျက်ရှိနေပေမယ့် လတ်တလောမှာတော့ ချယ်လ်ဆီးအသင်းကပါ ကာမာဗင်ဂါကို ခေါ်ယူသွားဖို့ ဆောင်ရွက်လာခဲ့ပြီး ရန်းစ်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။ ချယ်လ်ဆီးနဲ့ ရန်းစ်အသင်းတို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးကောင်းတွေ ပိုင်ဆိုင်ထားကြတဲ့ ကလပ်အသင်းတွေဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့ အားကစားဒါရိုက်တာ ပီတာချက်က သူရဲ့ကစားသမားဘဝကို ရန်းစ်အသင်းမှာ စတင်ခဲ့တာဖြစ်လို့ ချက်ရဲ့အကူအညီနဲ့ ဂိုးသမားအက်ဒွါမန်ဒီကိုပါ ပြီးခဲ့တဲ့ရာသီက ခေါ်ယူနိုင်ခဲ့သလို အခုလည်း ကာမာဗင်ဂါကို ခေါ်ယူဖို့ပါ အခြေအနေကောင်းလာခဲ့ပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးဟာ ကာမာဗင်ဂါအပြင် ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းကိုပါ ခေါ်ယူချင်နေပြီး အသုံးစရိတ် လုံလောက်ဖို့အတွက် အသင်းရဲ့ကစားသမားတချို့ကို ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။