ချယ်လ်ဆီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ တိုက်စစ်ကစားသမားတစ်ယောက်ကို ခေါ်ယူသွားဖို့ အဓိကချိန်ရွှယ်နေတာဖြစ်ပေမယ့်လည်း နာမည်ကျော် ဘောလုံးသမား အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက်ပါ ဆီဗီလာအသင်းရဲ့ နောက်ခံကစားသမား ဂျူးစ်ခွန်ဒဲလ်ကို တရားဝင် ကမ်းလှမ်းလာတော့မယ်လို့ သိရှိရပါတယ်။

Photo Credit : 90Min

အသက်(၂၂)နှစ်အရွှယ်သာရှိသေးတဲ့ ပြင်သစ်လက်ရွေးစင် ဗဟိုနာက်ခံကစားသမားလေး ခွန်ဒဲလ်ဟာ ၂၀၁၉ခုနှစ်ကမှ ဘော်ဒိုးကနေ ဆီဗီလာကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ဆီဗီလာအသင်းရဲ့ အဓိကနောက်ခံလူတစ်ဦး ဖြစ်တဲ့အပြင် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွင်း အသင်းကို ယူရိုပါလိဂ်ချန်ပီယံလိဂ်ဖြစ်အောင် အဓိကစွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဆီဗီလာအသင်းအတွက် ဘောလုံးရာသီ (၂)ရာသီသာ ပါဝင်ထားရပေမယ့်လည်း အဲ့ဒီ(၂)ရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၈၈)ပွဲအထိကို ပါဝင်ကစားထားခဲ့ရတဲ့ ခွန်ဒဲလ်ကို လတ်တလောမှာ ဥရောပ ထိပ်တန်းကလပ်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားနေသလို ချယ်လ်ဆီးအသင်းကလည်း ခွန်ဒဲလ်ကို အလိုရှိနေပါတယ်။

Photo Credit : Goal

ဖာဘရီဇီယိုရဲ့ တွစ်တာစာမျက်နှာပေါ်ကနေ ဖော်ပြချက်တွေအရ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ဗဟိုခံစစ်နေရာအတွက် အင်အားဖြည့်တင်းဖို့ အစီအစဉ် ရှိနေတာကြောင့် လတ်တလောမှာ အရမ်းပေါ်ပြူလာ ဖြစ်နေတဲ့ ဆီဗီလာနောက်ခံလူ ခွန်ဒဲလ်ကို ကမ်းလှမ်းဖို့ စီစဉ်လာခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ခွန်ဒဲလ်ကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းဘက်ကနေ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိလာခဲ့ပြီး သဘောတူညီမှု တစ်စုံတစ်ရာရနိုင်ဖို့အတွက် ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ထူးခြားတာကတော့ မကြာခင်မှာပဲ ရီးယဲလ်အသင်းရဲ့ ပြင်သစ်နောက်ခံလူ ရာဖယ်ဗာရန်းကို အရခေါ်ယူနိုင်တော့မယ့် မန်ချက်စတာယူနိုက်တက်အသင်းကလည်း ခွန်ဒဲလ်ကို ဆက်လက်ပစ်မှတ်ထားနေတာပါ။ ဒါပေမယ့် ယူနိုက်တက်က ဗာရန်းက ရရှိပြီဆိုရင် ခွန်ဒဲလ်ကို ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်တော့တာကြောင့် ချယ်လ်ဆီးတစ်သင်းတည်းကပဲ ခွန်ဒဲလ်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းရနိုင်ပါတယ်။ ဆီဗီလာအသင်းနဲ့ (၃)နှစ်စာချုပ် သက်တမ်းရှိနေတဲ့ ခွန်ဒဲလ်ရဲ့ လက်ရှိတန်ကြေးကတော့ ယူရိုသန်း(၆၀)ဝန်းကျင်လောက် ရှိနေပါတယ်။