စတုဂတ်အသင်းကို ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားမှာ အဆင့်(၂)နေရာ ရရှိအောင်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့တဲ့ တိုက်စစ်ကစားသမား ဂူရာဆီကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေ အများအပြား ရှိနေတဲ့ကြားမှာ ချယ်လ်ဆီးအသင်းပါ ပါဝင်လာခဲ့တယ်လို့ ဂျာမနီသတင်းမီဒီယာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပြင်သစ်ဖွား ဂီနီ တိုက်စစ်မှူး ဂူရာဆီဟာ လိုင်လီ ရန်းစ်တို့လို ပြင်သစ် လီဂူးကလပ်တွေမှာ ကစားသမားဘဝကို ကျင်လည် ဖြတ်သန်းခဲ့ပေမယ့် ရန်းစ်ကနေ စတုဂတ်အသင်းဆီ ပြောင်းရွှေ့ပြီးနောက်ပိုင်း စတုဂတ်ရောက်မှသာ အကောင်းဆုံး တောက်ပလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Bavarian Football Works

ရန်းစ်ကနေ စတုဂတ်ဆီကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဂူရာဆီက စတုဂတ်အတွက် ၂၀၂၂-၂၃ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ (၂၈)ပွဲအထိ ပါဝင်ကစားခဲ့ရင်း သွင်းဂိုး (၁၄)ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် စတုဂတ်က သူ့ကို ရန်းစ်ကနေ အပြီးသတ် ခေါ်ယူခဲ့ပါတယ်။ စတုဂတ်ဆီ အပြီးသတ် ရောက်ရှိပြီးနောက်မှာတော့ ဂူရာဆီက ပြိုင်ပွဲစုံ ပွဲ(၃၀)မှာ ဂိုးပေါင်း (၃၀)အထိ သွင်းယူခဲ့ရင်း အတော်လေး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီတိုက်စစ်မှူးကို ဥရောပ ကလပ်အသင်းတိုင်းက စိတ်ဝင်စားလာခဲ့တာ ဖြစ်သလို သူရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာလည်း အရမ်းသက်သာလွန်းတဲ့ တန်ကြေး ပမာဏမျိုး ဖြစ်နေတာကြောင့် ဂူရာဆီကို ဝိုင်းပြီး အလိုရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit : KOHA

လက်ရှိ ဂူရာဆီရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို (၁၇.၅)သန်းသာ ရှိနေတာကြောင့် သူ့ကို အသင်းတိုင်းလိုလိုက ခေါ်ယူချင်နေကြပြီး လတ်တလောမှာတော့ ဒေါ့မွန်အသင်းက ဂူရာဆီကို ခေါ်ယူနိုင်ဖို့ အသေအချာ ကြိုးပမ်းနေရာ အခု ဒေါ့မွန်နဲ့အပြိုင် ချယ်လ်ဆီးကပါ ဂူရာဆီလုပွဲထဲကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

တကယ်တော့ ချယ်လ်ဆီးက အသင်းအတွက် ကစားသမားသစ် ခေါ်ယူရာမှာ လူငယ် ကစားသမားတွေကိုသာ ဦးစားပေး ခေါ်ယူတက်လေ့ ရှိပေမယ့်လည်း ယူရို (၁၇.၅)သန်းလောက်နဲ့ အသင်းတိုက်စစ်ပိုင်းအတွက် အတွေ့အကြုံရှိ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်မယ့် အခွင့်အရေးက ချယ်လ်ဆီးအတွက် အကျိုးမယုတ်နိုင်မယ့် အပြောင်းအရွှေ့ ဖြစ်တာကြောင့် ကမ်းလှမ်းမှု အသေအချာ လုပ်ဆောင်သွားမလားဆိုတာ စောင့်ကြည့်ရပါမယ်။