ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်တူဟယ်လ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းကို ဥရောပချန်ပီယံလိဂ်ဆုဖလားကြီး အရယူဆောင်ပေးနိုင်ခဲ့သလို လာမယ့်ရာသီမှာလည်း အလားတူအောင်မြင်မှုမျိုးတွေ ဆက်လက်ရယူပေးဖို့အတွက် နွေစျေးကွက်အတွင်းမှာ ထိပ်တန်းကစားသမားတချို့ကို ခေါ်ယူအားဖြည်သွားဖွယ်ရှိနေပြီး အက်စတွန်ဗီလာအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဂျက်ဂရီးလစ်ရှ်ကိုလည်း အသင်းရဲ့ အလိုရှိနေတဲ့ ကစားသမားစာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Photo Credit : Football Insider

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းတုန်းက ကိုင်းလ်ဟားဗက်ဇ် တီမိုဗာနာ အက်ဒွါမန်ဒီ ဟာကင်ဇီယက်ရှ် ဘင်ချီဝဲလ်တို့လို ထိပ်တန်းကစားသမားတွေအတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀၀)ကျော်လောက် သုံးစွဲပြီး ခေါ်ယူအားဖြည့်ခဲ့သလို ဒီနှစ်နွေမှာလည်း ချန်ပီယံလိဂ် ချန်ပီယံဖြစ်ထားခဲ့ရတဲ့ အသင်းအတွက် အသင်းပိုင်ရှင်ကနေ ပြောင်းရွှေ့ကြေးများစွာကို ထပ်မံထုတ်ပေးသွားဖွယ် ရှိနေပါတယ်။ လတ်တလောမှာတော့ ချယ်လ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ရှ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : BeSoccer

အသက်(၂၅)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂရီးလစ်ရှ်ဟာ ဗီလာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းလာခဲ့ကတည်းက အသင်းအတွက် အထူးခြေစွမ်းပြနိုင်ခဲ့တာကြောင့် သူ့ကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေကနေ ပစ်မှတ်ထားလာခဲ့ပါတယ်။ လက်ရှိမှာလည်း အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲနေတဲ့ ဂရီးလစ်ရှ်ကို မန်စီးတီးအသင်းကနေ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းသွားဖို့အထိပါ ပြင်ဆင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ ဒီလိုအချိန်မှာ ချယ်လ်ဆီးအသင်းကလည်း ဂရီးလစ်ရှ်လို အရည်အသွေး မြင့်မားတဲ့ ကစားသမားတစ်ယောက် အသင်းကို ရောက်ရှိလာနိုင်ဖို့အတွက် မန်စီးတီးအသင်းနဲ့အပြိုင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်လာခဲ့ပါတယ်။ ကွင်းလယ်တိုက်စစ်နဲ့ ဘယ်တောင်ပံနေရာတို့မှာ ပါဝင်ကစားတတ်တဲ့ ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗီလာအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၂၆)ပွဲအထိကို ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၆)ဂိုး သွင်းယူနိုင်ခဲ့သလို (၁၂)ဂိုးအထိကို ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဗီလာနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်းရှိတဲ့ ဂရီးလစ်ရှ်ရဲ့ လက်ရှိတန်ကြေးက ယူရို(၆၅)သန်းဝန်းကျင် ရှိလို့နေပေမယ့် ဗီလာကဘက်ကတော့ ယူရိုသန်း(၁၀၀)လောက်အထိကို အလိုရှိနေပါတယ်။