MySport Myanmar

ကိုင်စီဒိုကို ခေါ်ယူချင်နေတဲ့ ချယ်လ်ဆီး ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပေမဲ့ ပယ်ချခံရ

ချယ်လ်ဆီးအသင်းကတော့ အခု ဆောင်းရာသီ အပြောင်းအရွေ့ဈေးကွက်ထဲမှာ အတော်လေးကို အလှုပ်ရှားဆုံး ကလပ်အသင်း ဖြစ်နေပြီး ကစားသမားသစ် ခေါ်ယူမှုတွေလည်း အမှန်အကန် လုပ်ဆောင်ထားတဲ့အပြင် ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား မွိုက်စ်ကိုင်စီဒိုကိုလည်း ဈေးကွက်မပိတ်ခင်အတွင်းမှာပဲ အရ ခေါ်ယူသွားချင်နေပြီး ပေါင်(၅၅)သန်းနဲ့ ကမ်းလှမ်းခဲ့ရာ ဘရိုက်တန်ဘက်က ပယ်ချသွားခဲ့ပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးက ဒီဇန်နဝါရီ ဈေးကွက်ထဲမှာ ရှက်တာဒိုးနက်က ယူကရိန်းကြယ်ပွင့် တောင်ပံကစားသမား မာဒရစ်ခ်ကို ပေါင်(၈၈)သန်းနဲ့ ခေါ်ယူခဲ့ပြီး အသက်လက်တီကိုက ပေါ်တူဂီကြယ်ပွင့် တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်ကိုလည်း (၆)လအငှားနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒီလို mega signing တွေ လုပ်ဆောင်ထားတဲ့ ချယ်လ်ဆီးဟာ ဆောင်းဈေးကွက် မပိတ်ခင်ထိ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူသွားချင်နေပြန်ပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက်ကိုလည်း ဘရိုက်တန်ရဲ့ အီကွေဒေါ ကွင်းလယ်လူ ကိုင်စီဒိုကိုအရ ခေါ်ယူချင်နေပါတယ်။

Photo Credit : DaveOCKOP

အသက်(၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ အီကွေဒေါလက်ရွေးစင် ကိုင်စီဒိုဟာ ဘရိုက်တန်ကို ရောက်လာကတည်းက သူရဲ့ တောက်ပတဲ့ စွမ်းဆောင်ရည်တွေကြောင့် ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဘရိုက်တန်မှာကတည်းက ကိုင်စီဒိုနဲ့ လက်တွဲခဲ့ဖူးတဲ့ နည်းပြ ဂရေဟမ်ပေါ်တာက သူ့တပည့်ဖြစ်သူ ကိုင်စီဒိုကို ချယ်လ်ဆီးအသင်းဆီ အရ ခေါ်ဆောင်သွားချင်နေပါတယ်။ The Athletic သတင်းမီဒီယာရဲ့ဖော်ပြချက်တွေအရ ချယ်လ်ဆီးဟာ ကိုင်စီဒိုအတွက် ပြောင်းရွေ့ကြေး ပေါင်(၅၅)သန်းနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့ပေမဲ့ ဘရိုက်တန်အသင်းကတော့ သူတို့ကစားသမားကို အခု ဈေးကွက်ထဲမှာ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိတဲ့အပြင် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုဟာလည်း လက်ခံနိုင်စရာ အတိုင်းအတာမှာ ရှိမနေတာကြောင့် ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအနေနဲ့ တန်ကြေး တိုးမြှင့်ပြီး ကမ်းလှမ်းသွားဖို့ ရှိနေသလို တကယ်လို့ ကိုင်စီဒိုကို မရခဲ့ရင် ဘာစီလိုနာ ကွင်းလယ်လူ ဖရန့်ကတ်ဆေးကို ပစ်မှတ်ထားလာဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Exit mobile version