ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ ပစ်မှတ်ဟောင်းဖြစ်ပြီး လက်ရှိမှာ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်နေတဲ့ ဆီဗီလာနောက်ခံကစားသမား ဂျူးစ်ခွန်ဒေကို ဘာစီလိုနာထက် လက်ဦးမှု ရယူကာ ခေါ်ယူသွားနိုင်မယ့် အခြေအနေတွေ ရှိနေသလို ခေါ်ယူနိုင်လိမ့်မယ်လို့လည်း ယုံကြည်ချက် ရှိနေပါတယ်။

Jules Kounde

Photo Credit : Mirror

ချယ်လ်ဆီးနဲ့ ဘာစီလိုနာအသင်းတို့ဟာ အခုနှစ် နွေဈေးကွက်ထဲမှာ ကစားသမား ခေါ်ယူမှုတွေနဲ့ ပတ်သက်ပြီး ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာတွေ ရှိနေခဲ့ပြီး နှစ်သင်းလုံးနဲ့ သတင်းထွက်ခဲ့တဲ့ ကစားသမားတွေထဲမှာ ရာဖင်ညာနဲ့ လီဝန်ဒေါစကီးကို ဘာစီလိုနာဘက်က ခေါ်ယူနိုင်ခဲ့ပြီး ကူလီဘလီကိုတော့ ချယ်လ်ဆီးက ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ခရစ္စတန်ဆန်ကို ဘာစီလိုနာက ခေါ်ယူထားနိုင်ခဲ့သလို ချယ်လ်ဆီးနဲ့ သတင်းထွက်ခဲ့တဲ့ ဒမ်ဘီလီကိုလည်း ဘာစီလိုနာဘက်ကနေ စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဘာစီလိုနာ အလိုရှိနေတဲ့ ခွန်ဒေကိုတော့ ချယ်လ်ဆီးအသင်းက လက်ဦးမှု ရရှိဖို့အတွက် အခြေအနေကောင်းလာခဲ့ရပါတယ်။

Jules Kounde transfer news: Chelsea 'contact agent' as revived interest  worries Barcelona

Photo Credit : TEAMtalk

ဘာစီလိုနာအသင်းဟာ ဒီနှစ်နွေမှာ ရာဖင်ညာ လီဝန်ဒေါစကီး ကတ်ဆေးနဲ့ ခရစ္စတန်ဆန်တို့ကို ခေါ်ယူထားခဲ့သလို ဒမ်ဘီလီကိုလည်း သက်တမ်းတိုးထားနိုင်ခဲ့ပြီး အခုလည်း ခွန်ဒေကိုပါ ထပ်မံခေါ်ယူဖို့အတွက် ကြိုးပမ်းလျက် ရှိနေရာ နည်းပြဇာဗီကိုယ်တိုင် ကစားသမားကို စည်းရုံးလျက် ရှိနေတယ်လို့ သိရပါတယ်။ ဒီလို ကြိုးပမ်းမှုတွေ ရှိနေသည့်တိုင်အောင် ခွန်ဒေက ဘာစီလိုနာထက် ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ အလေးသာနေပြီး ချယ်လ်ဆီးဘက်ကလည်း ခွန်ဒေကို ဘာစီလိုနာထက် လက်ဦးမှု ရယူကာ ခေါ်ယူသွားနိုင်ဖို့ အခြေအနေကောင်းနေသလို လာမယ့် ရက်သတ္တပတ်အတွင်းမှာပဲ သဘောတူညီမှုပါ ရရှိနိုင်တယ်လို့ စပိန်အခြေစိုက် AS သတင်းစာရဲ့ ဂျာနယ်လစ်တစ်ဦးက ဖော်ပြလာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက နွေဈေးကွက်အတွင်း ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့လို အသင်းရဲ့ center-back နှစ်ဦးကို ဆုံးရှုံးထားခဲ့ရလို့ နာပိုလီခံစစ်မှူး ကူလီဘလီကို အသင်းဆီ ခေါ်ဆောင်ထားခဲ့ရသလို နေသန်အကီနဲ့ ကင်ပမ်ဘေတို့ကိုလည်း ချိတ်ဆက်လျက် ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိမှာ အကီက မန်စီးတီးမှာပဲ ဆက်ရှိနေတော့မယ့် အခြေအနေမျိုး ဖြစ်နေသလို ကင်ပမ်ဘေကိုလည်း ပီအက်စ်ဂျီဘက်က ရောင်းမထုတ်လိုတာကြောင့် ဆီဗီလာကနေ သေချာပေါက် ထွက်ခွာချင်နေတဲ့ ခွန်ဒေကိုသာ ဦးစားပေးလာခဲ့ရတာ ဖြစ်ပါတယ်။